မဲခေါင်၊ အောက်တိုဘာ ၁၈
တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ဒဏ်ရာများနှင့် အမျိုးသားအလောင်းမှာ စွန့်ပစ်ခံရခြင်းမဟုတ်ဘဲ ကားတိုက်ပြီးချိတ်ပါလာခြင်းဖြစ်ပြီး တရားခံကိုလည်း ဖမ်းမိပြီဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က တောင်ကြီးမြို့၊ မြို့မရပ်၊ စဝ်စံထွန်းလမ်း၊ မေမြို့လက်ဖက်ရည်ဆိုင်အနီးတွင် တွေ့ခဲ့သည့် အမျိုးသားအလောင်းအား ကားနှင့်တိုက်သွားသူကို ယမန်နေ့ ၁၇ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲများရရှိထားသော CCTV မှတ်တမ်းအရ ထိုဖြစ်စဥ်မှာ လူပြောများနေသကဲ့သို့ အလောင်းစွန့်ပစ်မှုမဟုတ်ဘဲ ယာဥ်မတော်တဆမှုသာဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“မနေ့က(အောက်တိုဘာ ၁၆ ရက်) ည ၈ နာရီကျော်လောက်မှာ စူဠာမုဏိဘုရားဘက်ကိုသွားတယ်။ ၉ နာရီအချိန်လောက်မှာ ဘုရားကနေပြန်လာတယ်။ ဘုရားအဆင်း ဗိုလ်ချုပ်လမ်းအရောက်မှာ Slowdown တစ်ခုရှိတယ်၊ အဲ့ Slowdown ကိုရောက်တဲ့အချိန် လမ်းဘေးမှာ အိပ်ပျော်နေတဲ့သူကို တိုက်မိတာ တရွတ်တိုက်ဆွဲပါလာပြီးတော့ မြို့မရပ်၊ စဝ်စံထွန်းလမ်းမှာ ကားကိုကွေ့လိုက်တဲ့အချိန်မှာ ကားအောက်ပါလာတဲ့ အမျိုးသားအလောင်းက ပြုတ်ကျသွားတာ။ ရဲက အောက်တိုဘာ ၁၇ ရက်မှာ ဖမ်းပြီးတော့ သူကလည်း တိုက်မိခဲ့ကြောင်း ဝန်ခံတယ်” ဟု ၎င်းက ပြောပြသည်။
သေဆုံးသူသည် လမ်းဘေးတွင် အိပ်ပျော်နေသည့် အသက် ၃၀ ခန့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ကားဖြင့် တိုက်ခံရပြီးနောက် ပုဆိုးဖြင့်ကားအောက်တွင် တရွတ်တိုက် ချိတ်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
ကားမောင်းသူသည် ၎င်းနေထိုင်ရာအိမ်သို့ ရောက်ခါနီး ကားကွေ့လိုက်သည့်အခါမှ လူတစ်ဦးချိတ်ပါလာသည်ကိုသိပြီး တိုက်မိသူကိုလည်း ဒီတိုင်းထားခဲ့ပြီးနောက် ကားကို ကံကြီးရပ်ကွက်၊ ရွှေတောင်ကြားလမ်းရှိ အသိမိတ်ဆွေအိမ်တွင် သွားထားခဲ့သေးကြောင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ရက် ညနေ ၅နာရီကျော်ခန့်တွင် အမှတ်(၁)စခန်းမှ ရဲများက CCTV မှတ်တမ်းပါ ကားနံပါတ််မှတဆင့် တရားခံအားဖမ်းမိခဲ့ကြောင်း သိရသည်။
တရားခံမှာ ကျောက်မဲမြို့မှ စစ်ရှောင်လာပြီး အမှတ် ၁၃၄၊ စဝ်စံထွန်းလမ်း၊ မြို့မရပ်တွင်နေထိုင်ကာ ဆံပင်ညှပ်လုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းဆေးဟန် ဖြစ်ကြောင်း သိရသည်။
၎င်းသည် အဖြူရောင် Honda Fit GK3 အမျိုးအစားယာဥ်ဖြင့် မောင်းနှင်လာစဥ် လမ်းဘေးတွင် အိပ်ပျော်နေသူအား တိုက်မိသည်ကို မသိဘဲဲ ဆက်မောင်းလာမိခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများ ကားရှေ့တွင် ခြေထောက်တန်းလန်းထွက်ကာ လမ်းတလျှောက် တရွတ်တိုက်ပါလာသည်ကို မဲခေါင်မှရရှိထားသော CCTV မှတ်တမ်း ဓာတ်ပုံအရတွေ့ရသည်၊။
ထိုအခင်းဖြစ်ရာ ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းတလျှောက်တွင် CCTV ကင်မရာ ၁၀ လုံးခန့်ရှိသော်လည်း ၇လုံးပျက်ကာ ၃လုံးသာ အလုပ်လုပ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
#MeKongNews
#တောင်ကြီး
#အလောင်းပစ်
#ကားတိုက်မှု
#အိမ်ခြေမဲ့








