မဲခေါင်၊ အောက်တိုဘာ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် မြို့နယ်ရဲမှူးအေးမင်းသိန်းနှင့် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးမှ မင်းမင်းစိုးအပါအဝင် အင်တော၊ ကျောက်ဂူမှဂိတ်များတွင် ရဲများ အဆမတန် ငွေညှစ်တောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာမှ မုန်အချို့တင်ပီး ရွှေညောင်ဘက်ကိုပို့သည့် အိမ်စီးကား တစ်စီးလျှင် ရဲကြေး ကျပ်သိန်း ၂၀ အထိပေးရပြီး လမ်းရှိရဲဂိတ်များက ဓားပြတိုက်သလိုတောင်းခံကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောသည်။
“ကိုယ့်အတွက်ကျန်တာမှ ၈ သိန်းလောက်ပဲ ရဲတွေ ကိုလုပ်ကျွေးနေရသလိုပဲ။ ရဲဝန်ထမ်းတွေဟာ အလွန်အကျွံ ပိုက်ဆံတောင်းတာထက် ဓားပြတိုက်သလို လုပ်စားနေကြတယ်။ လားရှိုးအထိ သွားသယ်တာလဲမဟုတ်ဘူး။ ကျောက်ဂူရွာကနေသယ်တာ” ဟု ၎င်းက မဲခေါင်သို့ပြောသည်။
ကျောက်ဂူရွာမှ ရွှေညောင်အထိ လမ်းကြေးပေးရာတွင် ကျောက်ဂူနယ်ထိန်းရဲ ကိုရှည်ကြီးကို ကျပ် ၅ သောင်း၊ ကျောက်ဂူအဝင်ဂိတ် ရဲ ကျပ် ၅ သောင်း၊ အင်တောမြို့အဝင် နတ်စင်ရှေ့ ရဲ ကျပ် ၁ သိန်း၊ အင်တောမြို့အထွက် ရွှေဆီဆိုင်ရှေ့ရဲ ကိုဖက်တီး ကျပ် ၁ သိန်းခွဲ၊ ၁၈ မိုင်ရဲနှင့် စစ်သား ကျပ် ၅ သောင်း၊ တပ်ဦးရွာ သစ်တောရုံးရှေ့ ရဲ ကျပ် ၈ သောင်း၊ မင်းကြီးသုံးပါးဂိတ် ရဲ ကျပ်၁ သိန်း၊ စစ်သား ကျပ် ၅ သောင်း၊ ရပ်စောက်တိုးဂိတ်အကျော် နယ်ထိန်း ကိုမြင့်မိုး ကျပ် ၁ သိန်း၊ ပြည်နယ်ဒန ရဲတက မင်းမင်းစိုး ကျပ် ၇ သောင်း၊ ရပ်စောက်ယာဉ်စစ် စိုးမိုးကျော် ကျပ် ၁ သိန်း၊ ရပ်စောက်မြို့အထွက် ပစောက်ကွေ့ရဲ ကျပ် ၁ သိန်းခွဲ၊ ပင်ဖြစ်ဂိတ် ရဲ ကျပ် ၁ သိန်း၊ ဟဲကယ်ဂိတ် ရဲ ကျပ် ၅ သောင်းနှင့် စစ်သား ၂ သောင်း တို့ကို စာရင်းပါအတိုင်းပေးရကြောင်း ယာဉ်မောင်းများက ပြောသည်။
“လမ်းမှာ SSPP စစ်သားတွေတောင် ၁ သောင်းထက် ပိုမတောင်းဘူး။ ၅ ထောင်ပေးလည်းယူတယ်။ ရဲတွေကမရဘူး။ ကြောက်စရာကြီး၊ မပေးဘူးလား၊ မပေးရင်ဖမ်းမယ်၊ ကုန်ဆွဲချမယ် ခြိမ်းခြောက်တော့ ကားသမားတွေက ကြောက်တော့ တောင်းသလောက်ပေးရတာပဲ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
အထူးသဖြင့် ရပ်စောက်တိုးဂိတ်အနီးတွင် မက်တူးရွှေငါး အဖြူရောင်ကားဖြင့် ပိုက်ဆံတောင်းနေသည့် ရဲ မင်းမင်းစိုးမှာ အဆိုးဆုံးဖြစ်ပြီး “ငါကပြည်နယ်ဒနက၊ မင်းတို့ကားတွေ အချိန်မရွေးဖမ်းလို့ရတယ်” ဟုဆိုကာ ခြိမ်းခြောက်ကြောင်း ယာဉ်မောင်းများက ဆိုသည်။
ယင်းပြည်နယ်ဒနမင်းမင်းစိုးသည် ရပ်စောက်ရှိ KTV မျာားထံမှ လစဉ်ကြေး တစ်ဆိုင်လျင် ကျပ် ၅ သိန်း၊ သစ်စက်များအားလုံး တစ်ရာသီလျင် ကျပ် သိန်း ၁၀၀ ကောက်ခံကြောင်း၊ ၎င်းမှာ တောင်ကြီးတွင် နေထိုင်သည့်အတွက် ၎င်းမလာနိုင်ပါက Kpay မှ တဆင့် လွှဲပေးရကြောင်း အကြောင်းသိသူတစ်ဦးက ပြောသည်။
“အဲလိုတွေဖြစ်နေတာ ရပ်စောက်မြို့နယ်ရဲမှူး အေးမင်းသိန်း မသိစရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့ ရပ်စောက်မှာ KTV မဟုတ်ဘဲ Hi ခန်းတွေဖြစ်ကုန်တာ၊ ဆိုင်တွေကလည်း လစဉ်ကြေးပေးထားတော့ K တို့ happy water တို့ပါရောင်းနေတာ။ ဆေးတွေကလည်း ရဲတွေကပဲတဆင့် ရောင်းခိုင်းတာပဲ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
လက်ရှိရပ်စောက်မြို့၊ အင်းခေါင်းကန်အနီးတွင် ဆေးသမားများ အမြဲရှိနေသလို မြို့မသင်္ချိုင်း တိုးနီရွာအနောက်ဘက်တောအတွင်း၌လည်း ဆေးသမားများ အများအပြားရှိနေပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် ဋ္ရာဇဝတ်မှုများကို ရဲများက အရေးမယူကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။
ယခု ရပ်စောက်မြို့နယ် ရဲမှူးအေးမင်းသိန်းလက်ထက်၌ပင် ဖြစ်ပွားခဲ့သည် လဝန်းထက် KTV ၌ သီချင်းဆိုရာမှ စကားများကာ လက်နက်ကိုင်အဖွဲ့တဖွဲ့က EPC ဝန်ထမ်း မောင်ဝင်းသူရကျော် ခေါ် မှုန်ကြီး ၂၆နှစ်ကို ပစ်သတ်မှုမှာ ယခုထိတရားခံကို အမှုမဖွင့်၊ အရေးမယူသဖြင့် ဒေသခံများက ဝန်ဖန်နေကြသည်။
#MeKongNews
#ရပ်စောက်
#မြို့နယ်မှူး
#အေးမင်းသိန်း
#ပြည်နယ်ဒန
#ကျောက်ဂူ
ပုံအညွှန်း – ရပ်စောက်တိုးဂိတ်အနီးတွင် ပိုက်ဆံတောင်းနေသည့် ပြည်နယ်ဒနရဲ မင်းမင်းစိုး၏ မက်တူးကားနှင့် နယ်ထိန်းမြင့်မိုး စီးသည့် Honda fit ကားကို တွေ့ရစဉ်








