မဲခေါင်၊ အောက်တိုဘာ ၁၄
ကားနောက်မှလိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှု သံသယဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံရသူ တာချီလိတ်မြို့မှ လူမိုက်ခေါင်းဆောင် အိုက်သမင်ကို ဖမ်းဆီးစဉ် ထိုင်းဘတ်ငွေ ၁၀၀၀ တန်အတု ၄၆အုပ်၊ ဘိန်းဖြူ၊ WY ဆေးပြားနှင့် ပစ္စတိုတစ်လက်တို့ကို ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာလ ၁၂ရက် ညပိုင်းက အိုက်သမင် နေထိုင်ရာ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်ရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အိုက်သမင်နှင့််အတူ နောက်ထပ် ၄ဦးကို ဖမ်းမိကြောင်း၊ နေအိမ်အတွင်း၌ ထိုင်းဘတ်ငွေ ၁၀၀၀ တန် အတု တစ်သိန်းအုပ် ၄၆အုပ်၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် ပရင်တာနှင့် စက္ကူဖြတ်စက်များကိုလည်း ဖမ်းမိကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူနဲ့အတူ ဖမ်းမိတဲ့ထဲမှာ ထိုင်းနိုင်ငံသားတစ်ယောက်လည်းပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူနဲ့ ယာဘတွေလည်း ဖမ်းမိတယ်။ ပြီးတော့ ပစ္စတိုတစ်လက်လည်းဖမ်းမိတယ်။ ပထမက သေနတ်နဲ့လိုက်ပစ်တဲ့အမှု သံသယနဲ့ ဝင်ဖမ်းကြတာပဲ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ၎င်းတို့ ၅ဦးစလုံးကို တာချီလိတ်မြို့မ ရဲစခန်း၌ မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
ဆန်ဆိုင်း (က) ရပ်ကွက်အတွင်း နေအိမ်အရောက် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရသူ စိုင်းအောင်မိန်း၏ အမှုသံသယဖြင့် အိုက်သမင်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သော်လည်း သေနတ်ပစ်မှု သံသယအတွက် သက်သေအထောက်အထားများ မတွေ့ရဘဲ အခြား ငွေတုများ၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုတစ်လက်ကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၈ရက် နေအိမ်အရောက် သေနတ်ဖြင့် ပစ်သတ်ခံရသူ စိုင်းအောင်မိန်းမှာမူ သေဆုံးခြင်း မရှိသေးဘဲ ထိုင်းနိုင်ငံဘက်တွင် ဆေးကုသနေကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ငွေအတု
#ထိုင်းဘတ်ငွေ
#အိုက်သမင်
#မူးယစ်ဆေးဝါး








