မဲခေါင်၊ အောက်တိုဘာ ၁၃
ကားနောက်မှလိုက်ကာ နေအိမ်အရောက် သေနတ်ဖြင့် အတွဲလိုက်ပစ်သတ်သွားသည့် လူသတ်မှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မှ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ အိုက်သမင်ကို စစ်ဗျူဟာက ဦးဆောင်ကာ ဖမ်းဆီးသွားကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်းအတွင်း အောက်တိုဘာလ ၈ရက်နေ့က အသက် ၃၅နှစ်အရွယ် စိုင်းအောင်ခမ်းဆိုသူကို မောင်းနှင်လာသည့်ကားအတွင်း ပစ်ခတ်သတ်ဖြတ်သွားသည့် အမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၂ရက်နေ့ ညပိုင်းက သတ်ဖြတ်သွားသူအဖွဲ့ထဲမှ လူမိုက်ခေါင်းဆောင် အိုက်သမင်ကို ဝမ်မိုင်ရပ်ကွက်အတွင်းက နေအိမ်၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တာချီလိတ် စစ်ဗျူဟာမှ ဦးဆောင်ကာ လူအင်အားအများအပြားဖြင့် ဝမ်မိုင်ရပ် အတွင်းရှိ အိုက်သမင် ဖွင့်လှစ်ထားသည့် ငါးပစ်ဂိမ်းခုံနှင့် နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“မနေ့ညပိုင်းက ရွာထဲ ရဲတွေ စစ်သားတွေဝင်လာတာ အများကြီးပဲ၊ ဂိမ်းခုံဘက်ကို တခါတည်း ကားတွေမောင်းဝင်သွားတာ၊ ဖမ်းသွားတာတော့ ဘယ်နှစ်ယောက်မှန်းမသိဘူး။ အိုက်သမင်ပါသွားတာတော့ ကြားတယ်။ သူက ရဲတွေ၊ စစ်သားတွေနဲ့ စရဖကို ဒီလောက်ပိုင်တာ အဲ့လို အဖမ်းခံမယ်လို့ ဘယ်ထင်မလဲ”ဟု ဝမ်မိုင်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
အဖမ်းခံရသူ အိုက်သမင်သည် လူမိုက်ဂိုဏ်ခေါင်းဆောင်တစ်ဦးဖြစ်သလို ငါးဂိမ်းခုံများ ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်တပ်ကို သတင်းပေးသည့် အင်ဖေါ်မာ တစ်ဦးဖြစ်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်လည်း ပြုလုပ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့်လည်း ရင်းနှီးသူတစ်ဦးဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ်ပိုင်းအတွင်းကလည်း လူမိုက်ဂိုဏ်အချင်းချင်း သေနတ်ပစ်ခတ်မှု၊ ဓါးပြမှုများဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကာ ယခုအခါ လူသတ်မှုဖြင့် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#လူသတ်မှု
#အိုက်သမင်
#လူမိုက်ခေါင်းဆောင်








