မဲခေါင်၊ အောက်တိုဘာ ၁၀
စစ်ရေးအချက်အချာကျသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာအနီးမှ ဘုရားကုန်းကို စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်များအကြား အပြန်အလှန် သိမ်းယူနေကြောင်း ယင်းတိုက်ပွဲတွင်ပါဝင်သည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(တောင်ပေါ်တပ်ဖွဲ့)PNDF-KK ထံမှ သိရသည်။
အောက်တိုဘာ ၇ ရက်က စတင်၍ ဖြစ်ပွားခဲ့သည့် ယင်းရွှေပြည်အေးဘုရားကုန်းကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်သိမ်းယူခဲ့ပြီး ၈ ရက်နေ့တွင် စစ်ရေးသဘောအရ ပြန်လည်ဆုတ်ခွာပေးခဲ့သည်ဟု PNDF-KK တာဝန်ရှိသူ ခွန်မြတ်က မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။
“တနေ့က အဲဒီ ဘုရားကုန်းကို ကျနော်တို့တက်သိမ်းခဲ့တယ်။ သူတို့ကအလုံးအရင်းနဲ့ ဒရုန်းတွေနဲ့ပါတိုက်လာလို့ ပြန်ဆုတ်ပေးပြီး စစ်ဟန့်ထားတယ်။ ဒီနေရာက စစ်ရေးအချက်အချာကျတယ်။ သူတို့မြောက်ဘက်ကို ဖောက်ပြီးပေမယ့် ဒီအနောက်ဘက်ကို ပေါက်လို့မရဘူး။ တိုက်ပွဲအတွင်းဆိုတော့ စစ်ခွေးနဲ့ PNO တွေသေတာ ပုံမရိုက်နိုင်ဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲအတွင်း သေဆုံး PNO များကို ၎င်းတို့၏ ဝါဒဖြင့် လူမှုကွန်ရက်များက ဖော်ပြလာလျက်ရှိသည်ကို တွေ့မြင်ရသည်။
.
လက်ရှိတွင် ဘုရားကုန်းကို စစ်တပ်နှင့် PNO ပြည်သူ့စစ်က ပြန်သိမ်းထားပြီး ဟောင်ဝင်ဇာတင်သံချပ်ကာများ ချထားကြောင်းနှင့် ဖယ်ခုံ ခမရ – ၃၃၆ မှ လက်နက်ကြီး ပစ်ကူပေးနေပြီး စကခ – ၇ ထဲတွင် အင်အားစုဖွဲ့နေကြောင်း သိရသည်။
ဖယ်ခုံအထွက် တောင်ပေါ်မှကြည့်မည်ဆိုပါက တောင်မဲသင်း၊ မိုင်းဖြတ်၊ ဗန်းမောက်စသည့် ရွာများကို ထင်ရှားစွာမြင်ရပြီး ဒရုန်းနှင့်ထောက်လှန်း လျက်ရှိနေသည်ဟုလည်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ လုံးပျဉ်ကျေးရွာအုပ်စုမှ တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊ လုံးပျဉ်စသည့်ကျေးရွာဒေသခံထောင်ချီမှာ ထပ်မံ၍စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ယင်းနေရာများကို ပြီးခဲ့သည့် စက်တင်ဘာဒုတိယပတ်က စစ်တပ်နှင့် PNO ပြည်သူ့စစ်က အင်အားထောင်ချီစစ်ကြောင်းထိုးသိမ်းယူထားခဲ့သည်ကို ယခုတစ်ဖန် တော်လှန်ရေးတပ်များဘက်မှ ပြန်လည် တိုက်ခိုက်လာခြင်း ဖြစ်သည်။
#MeKongNews
#ပင်လောင်း
#တောင်မဲသင်းရွာ
#ဘုရားကုန်း
#PNDFKK
#ရွှေပြည်အေး








