မဲခေါင်၊ အောက်တိုဘာ ၈
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လယ်ခေါင်ရှိ ပါလျံရပ်ကွက်တွင် ရပ်ထားသည့်ကားမှန်များကို လူငယ်တစ်စုက ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ယမန်နေ့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ အောက်တိုဘာ ၇ ရက်ညနက်ပိုင်းက ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကား ၆ စီးခန့် ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“ဆေးကြောင်တာလည်း မဟုတ်ဘူး။ ပစ္စည်းယူတာလည်း မရှိဘူး။ တမင်သက်သက် မူးရူးရမ်းကားပြီး ဖျက်ဆီးတာ။ ဒါနဲ့ဆို ၃၊ ၅ ခါရှိပြီ။ လေယာဥ်ကွင်းလမ်းဖက်မှာလည်း ဗျောက်တွေဖောက်နဲ့၊ ကျိုင်းတုံက တာဝန်ရှိရဲတွေက ဘာလုပ်နေကြတာလဲ မသိဘူး” ဟု ၎င်းက ပြောသည်။
ပျက်စီးရသည့်ကားမှန်များမှာ အနည်းဆုံးကျပ် ၁၀ သိန်းအထက်ရှိပြီး ဖျက်ဆီးခံရသည့် ကားတစ်စီး၏ အိမ်ရှင်မှ ကားကို ဖျက်ဆီးရုံသာမက အိမ်အတွင်းမှ ဆိုင်ကယ်တစ်စီးကိုပါ ခိုးယူခံရကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်၊ အောက်တိုဘာ ၆ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်ကလည်း ကျိုင်းတုံမြို့၊ ယန်းခမ်းကားကြီးကွင်းလမ်းဆုံတွင် မူးရစ်ရမ်းကားသူ လူငယ်တစ်စုက ဆိုင်ကယ်အုပ်စုဖြင့် အမျိုးသားလူငယ်၂ဦးအား ဓားများဖြင့်ခုတ်မှု ဖြစ်ပွားခဲ့သေးသည်။
ကျိုင်းတုံမြို့သည် ပြည်နယ်အုပ်ချုပ်ရေးအဆင့်ရှိ မြို့ကြီးဖြစ်သော်လည်း နေ့စဥ်လိုဖြစ်ပွားနေသညည့် ခိုးဆိုးလုနိုက်များ ကို ထိရောက်စွာ နှိမ်နင်းနိုင်စွမ်းမရှိသည့်အပေါ် လူထုက အပြင်းအထန်ဝေဖန်နေကြသည်။
#MeKongNews
#ကျိုင်းတုံ
#ရှမ်းအရှေ့
#တြိဂံဒေသတိုင်း
#ပါလျံရပ်ကွက်
#မူးယစ်ရမ်းကား








