မဲခေါင်၊ စက်တင်ဘာ ၂၉
တောင်ကြီးမြို့တွင် ဆိုင်ကယ်သူခိုးတစ်ဦး ကိုဖမ်းဆီးမိရမိရာမှ စစ်ဆေးပေါ်ပေါက်ချက်များအရ ဆိုင်ကယ်၁၆စီးကို ထပ်မံ သိမ်းဆည်းရမိခဲ့သည့်အတွက် ပျောက်ဆုံးထားသူများ ရဲစခန်းမှာ လာရောက်စုံစမ်းနိုင်ကြောင်း မြို့မရဲစခန်းက ကြေညာထားသည်။
ယမန်နေ့၊ စက်တင်ဘာ ၂၈ရက်မှာတောင်ကြီးမြို့နယ်အတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေတစ်ဦးကို ဖမ်းဆီးရမိရာမှ ၎င်းခိုးယူထားသည့်ဆိုင်ကယ်များကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးရာ သူခိုး လက်ခံတစ်ဦးကိုပါ ထပ်မံဖမ်းဆီးရခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မှန်ကန်ကြောင်း ပြနိုင်ရင် ရပြီ။ ဘာငွေမှ ပေးစရာမလိုဘူး။ လိုင်စင်ဘီးဆို စာအုပ်၊ wဆို ဖုန်းနဲ့ ရိုက်ထားတဲ့အမှတ်အသားတွေ ပါဖို့လိုတယ်” ဟု တောင်ကြီး၊ မြို့မရပ်ကွက်နေသူတစ်ဦးက ၎င်း၏ ဆိုင်ကယ်ကို သွားရောက်စုံစမ်းရင်း သူ၏ဆိုင်ကယ်မပါသေးသော်လည်း သိလာရသည့် အချက်အလက်ကို မဲခေါင်သို့ပြောသည်။
“ဒီပုံအတိုင်း ဖမ်းသွားနိုင်ရင် မြို့လူထု လုံခြုံမှုရှိလာမှာ။ ထပ်ဖမ်းမိဖို့ တောင်းဆိုလိုပါတယ်။ လူထုကလည်း မပေါ့ဆကြဖို့ လိုပါတယ်။ ပျောက်တာက အစီးရာချီနေပြီ” ဟု တောင်ကြီး၊ ဘုရားဖြူရပ်နေသူတစ်ဦးက ပြောသည်။
ယခု ဖမ်းဆီးရရှိမှုမှာ ယခုလအတွင်း ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၃ရက်တွင်လည်း ဆိုင်ကယ်သူခိုးတစ်ဦးကို ဆိုင်ကယ် ၇စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
#MeKongNews
#တောင်ကြီးမြို့
#ဆိုင်ကယ်သူခိုး
#ဖမ်းဆီးရမိမှု
#ရှမ်းတောင်








