မဲခေါင်၊ စက်တင်ဘာ ၂၃
ကျားဖြန့်အများအပြားအတွက် လိုအပ်သည့် စားရေရိက္ခါနှင့်ကုန်ပစ္စည်းများကို ကျားဖြန့် အဝယ်တော်များက ဒေသခံလူကြီးများနှင့် ပေါင်းပြီး စျေးဖျက်ဝယ်ယူနေကြသဖြင့် ဒေသခံများ ကုန်များ ဝယ်ယူရ အခက်တွေ့လာသည့်အပေါ် စိုးရိမ်နေကြောင်း ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ် ဒေသခံများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မှ မိုင်းပျဥ်းတိုက်နယ်အတွင်း ရောက်ရှိနေသည့် ကျားဖြန့်များအတွက် ယနေ့ စက်တင်ဘာ ၂၃ရက် နံနက်၉နာရီ ဝန်းကျင်မှာ ဖါလဲဈေးကုန်း လုံခြုံရေး ခလရ ၂၄၉ တပ်ရင်း၏ ဓမ္မာရုံဂိတ်မှသည် ပင်လုံညောင်ထောက်မှ ကားဖြင့် ကျားဖြန့်ပစ္စည်း အပြည့်တင်သွားသည်ဟု မျက်မြင် ဒေသခံများက မဲခေါင်ကို ပြောသည်။
“အဖွဲ့က တစ်ဖွဲ့ပဲ။ လူများတယ်။ ကုန်စိမ်း တွေ ရေသန့်တွေ ၄ /၅ ရက်တစ်ကား 3(သရီး) ကရောင်းနဲ့ အပြည့်တင်တယ်။ ဖါလဲဈေးကုန်းမှာ တရုတ်ငွေ အများအပြား လာလဲပြီး ဝယ်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျားဖြန့်များသည် အာလူးလို အသီးအနှံမှအစ ရေသန့်စသည့် ကုန်အစုံကို ကားစီးပြတ်ဝယ်ယူနေမှုများကြောင့် ပုံမှန် လက်လီ ဝယ်ယူသုံးစွဲနေရသည့် ဒေသခံများ ကုန်ပစ္စည်းဝယ်ယူဖို့အတွက် ဒုက္ခရောက်လာနေရသည်ဟု ဒေသခံများက ဆိုသည်။
“ဂိတ်နဲ့ တာဝန်ကျတွေက သူတို့စစ်ချင်တဲ့ ကားတွေဆိုရင် အရမ်းစစ်ပါတယ်။ ကုန်စိမ်းကား၊ ရေသန့်ကား အစီးပြတ်ဝင်ပါတယ်။ ဘယ်
သူမှ ဘာမှမပြောပါဘူး။ ပြောခဲ့ရင်တောင် သူတို့လမ်းရှင်းနဲ့ သူတို့လာကြတာလို့ ပြောကြပါတယ်။ အထပ်သား၊ ဘိလပ်မြေနဲ့ သွပ်တွေတင်ခွင့်မရှိဘူး လို့ ပြောပြီး ကားတင်ခွင့် ပိတ်ထားပါတယ်။ တခြား ကျားဖြန့်အသုံးတည့်တဲ့ ကုန်ပစ္စည်း၊ ကုန်စိမ်း၊ ထိုင်ခုံ၊ စက်ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေကျ သူတို့လမ်းရှင်းနဲ့ သူတို့လာတာဆိုပြီး ဂိတ်တွေနဲ့ညှိကာ ပေးဖြတ်ပြီး ကျားဖြန့် ဆိုဒ်တွေထဲ ပို့ပါတယ်။ ဒေသခံတွေကျတော့ အိမ်ဆောက်ပစ္စည်းနဲ့ ဒီဇယ်၊ ဓာတ်ဆီ ဆန်တို့ ဝယ်ဖို့ ခွင့်မပြုပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းကျားဖြန့်များကို ရှမ်း 798 တပ်မဟာမှူး ဆိုင်ဝ ဆိုသူက တာဝန်ယူထားပြီး ဟိုပုံးမြိုနယ်၊ မိုင်းပျဉ်း တဝိုက်နှင့် ပင်လုံညောင်ထောက် စစ်ရှောင်ရွာသစ် အရှေ့ဘက်ရှိ နမ့်ဝင်းချောင်းနှင့် နမ့်အုတ်ချောင်းဆုံတွင် အခြေချထားပေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ယင်း ကျားဖြန့်များမှာ လူဦးရေ ၁၀၀၀ ခန့်ရှိနိုင်ပြီး ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ကျိုင်းခမ်းလေးဘက်တွင် စခန်း ချခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
၎င်းအဖွဲ့သည် မိုင်းကိုင်မြို့အနောက်ဘက် ဆင်တောင်၊ ဆန်ဟာ့ရွာနှင့် ပင်လုံမြို့ နားစင်ရွာများမှာပြီးခဲ့သည့် ဇူလိုင်လက အခြေပြုခဲ့ရာမှ ဖြန့်ခွဲပြီး ယခု ဟိုပုံး၊ မိုင်းပျဥ်းတိုက်နယ်သို့ ရောက်ရှိ အခြေပြုလာနေခြင်း ဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းကိုင်
#ကျားဖြန့်
#ရှမ်းတောင်
#မိုင်းပျဉ်းတိုက်နယ်
#ကုန်ဈေးနှုန်း








