မဲခေါင်၊ စက်တင်ဘာ ၂၁
ရှမ်းတောင်၊ တောင်ကြီးမြို့မှာ ယခုနောက်ပိုင်း လုယက်မှုများဆက်တိုက်ဖြစ်လာပြီး လုယက်သူများတွင် ပြည်သူ့စစ်များလည်း ပါဝင်နေသဖြင့် အမှုဖွင့်တိုင်ကြားသော်လည်း ရဲများက မဖမ်းပေးရဲကြကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက် ၄ နာရီခန့်က တောင်ကြီးမြို့ အမှတ်(၅)ဈေးမှ ညောင်ဖြူစခန်းရပ်၊ မြင့်မိုရ်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် ပအိုဝ်းလူငယ်တစ်ဦးအား ပြည်သူ့စစ်ဘတ်တံဆိပ်ပါ ယူနီဖောင်းအပြည့်အစုံ၊ လက်ထိပ်နှင့် သေနတ်အတိုများကိုင်ထားသည့်လူတစ်စုက ဝိုင်းရိုက်ပြီး Honda Click 150 အမျိုးအစားဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအား လုသွားကြကြောင်း ထိုလူငယ်နှင့် နီးစပ်သူထံမှသိရသည်။
“လုတဲ့သူတွေက ၃ ရောင်ခြယ်အလံနဲ့ ပသစ ဆိုတဲ့ ဘတ်တံဆိပ်ဝတ်ထားသူတွေဖြစ်ပြီး သူတို့စီးလာတဲ့ဆိုင်ကယ်ကတော့ wave 100၊ အလုခံရတဲ့ဆိုင်ကယ်ကတော့ Click 150 smart key နဲ့၊ သိန်း ၇၀ – ၈၀ ကြားရှိတယ်။ အဲ့ဒီကောင်လေးက ကုန်စိမ်းရောင်းတဲ့သူ့အမေကို ထ၅ ဈေးမှာပို့ခဲ့ပြီး အပြန် ရွှေဩဥရေချိုးခန်းနဲ့ one love တည်းခိုခန်းကြားမှာ ဖြစ်သွားတာပါ” ဟု ၎င်းကဆိုသည်။
ပြည်သူ့စစ်များက ဝိုင်းလုယက်စဉ် ထိုလူငယ်က ဆိုင်ကယ်ကိုနောက်မှဆွဲထားပြီး “အမေရေ ကယ်ပါဦး။ ဆိုင်ကယ်လုနေလို့ပါ” ဟု အကြိမ်များစွာအော်ခဲ့တာကြောင့် ပတ်ဝန်းကျင်ကထွက်လာချိန်တွင် ပြည်သူ့စစ်များက ဆိုင်ကယ်အား မောင်းပြေးသွားကြကြောင်း သိရသည်။
ထိုလုယက်ခံရသော လူငယ်က ပျူစောထီးများ၏ မျက်နှာကိုသေချာမှတ်မိသည်ဟု ဆိုကာ ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် နယ်ထိန်းနှင့် ရဲတချို့ အခင်းဖြစ်ပွါးရာ ပတ်ဝန်းကျင်ကိုလိုက်လံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည့်။
ထိုအဖြစ်အပျက် ဖြစ်ခဲ့သည့်အချိန်က လျှပ်စစ်မီးလည်းလာနေသလို လမ်းတလျှောက်တွင် CCTV များလည်းရှိသော်လည်း ရဲများက မစစ်ဆေးပေးကြောင်း သိရသည်။
“နယ်မြေခံရဲတွေအနေနဲ့ တကယ်တမ်း အဲ့ပျူစောထီးတွေကို လိုက်ပေးချင်ရင် အလွယ်လေးပါ။ အဲ့တစ်လမ်းလုံး တပ်ထားတဲ့ CCTV တွေကနေတဆင့် လိုက်လို့ရပါတယ်။ ရွှေဩဥရေချိုးခန်းကို ကျော်တာနဲ့ စစ်တပ်ထောက်တိုင် ချယ်ရီကွင်းဟိုတယ် ရှိပါတယ်။ အဲ့ဟိုတယ်ရဲ့ ဘေးပတ်လည်အပြည့် CCTV တွေတပ်ထားသလို ဟိုတယ်ကျော်တာနဲ့ အနောက်မြို့ပတ်လမ်းမကြီးမှာလည်း 360 ဒီဂရီလှည့်လို့ရတဲ့ ကင်မရာတွေတပ်ထားတာပါ။ သို့ပေမယ့် စစ်တပ်နဲ့ သန်းရွှေက လက်သပ်မွေးထားတဲ့ ပျူစောထီးတွေမလို့ လက်ရှောင်နေပုံရတယ်” လို့ Taunggyi Support Revolution မှ ကိုခွန်ထိုက်က ပြောပြသည်။
ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း တောင်ကြီးတက္ကသိုလ် အရှေ့လမ်းမကြီးပေါ်တွင် အဝေးသင်ကျောင်းသား ၂ ဦးစီးလာသော ဆိုင်ကယ်မှ Redmi ဖုန်းလုခံခဲ့ရသေးသည်။
“နောက်ကတစ်ယောက် ဆိုင်ကယ်စီးရင်း ဖုန်းပြောနေတာကိုလုပြီး ဘူတာဖက်မောင်းပြေးသွားတာ၊ နောက်ကနေအမီလိုက်မောင်းပေမယ့် မမီလိုက်ဘူး။ လုတဲ့ဆိုင်ကယ်က Click 125 ဘီးပါ” ဟု ထိုလူငယ်နှင့် နီးစပ်သူက ဆိုသည်။
ယခုအပတ်တွင်းကပဲ တောင်ကြီးမြို့မှ အမျိုးသမီးငယ်တစ်ဦး ဦးလေးဖြစ်သူနှင့် ဆိုင်ကယ်တစ်စီးစီ စီးပြီး ကံကြီးဖက်သို့အလုပ်ကိစ္စသွားစဉ် မီးပုံးပျံကွင်းအဝင်မှစပြီး ဆိုင်ကယ်တစ်စီးနှင့် လူ ၂ ဦးက တောက်လျှောက်လိုက်လာကာ ဦးလေးဖြစ်သူပါလာမှန်းသိ၍ လှည့်ထွက်သွားကြောင်း ဖြစ်စဉ်ကို သိသူတစ်ဦးက ပြောပြသည်။
“ဘက်မှန်ကြည့်ပြီး မောင်းတဲ့လူမလို့ အနောက်မှာပါလာတာကို သတိထားမိပါတယ်။ ပထမတစ်ခေါက်ကြည့်တုန်းက ရိုးရိုးတန်းတန်းမောင်းတဲ့လူတွေလို့ပဲ ထင်တာပါ။ ခဏနေတော့ ဆိုင်ကယ်မှန်ပြန်ကြည့်လိုက်တာ တော်တော်လေးကပ်နေပါပြီ။ အိတ်ကဘေးလွယ်ထားတော့ အိတ်ကိုလုမှာစိုးလို့ အိတ်ကိုအရှေ့မှာ မြန်မြန်ပြောင်းလွယ်လိုက်ပါတယ်။ သူတို့ကပ်လာတာကလဲ အိတ်လွယ်ထားတဲ့အခြမ်းမှာပါ။ ဦးလေးက သူတို့လိုက်လာတာကို သတိထားမိတော့ အရှေ့ကျော်တက်ခိုင်းလိုက်ပါတယ်။ ဦးလေးကသူတို့ကို မိုက်ကိုက်နဲ့ကြည့်လိုက်မှ သူတို့မောင်းတာ အရှိန်လျော့သွားပြီး လှည့်ထွက်သွားတာ။ တကယ်ဖြစ်ရင်မလွယ်ပါဘူး။ ဒါတောင်နေ့ခင်း ၁၁နာရီပါ” ဟု ၎င်းကဆိုသည်။
တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲနီးလျှင် ခိုးယူလုယက်မှုများရှိတတ်သော်လည်း ယခုလို နေ့ခင်းကြောင်တောင် အချိန်ကောင်းတွင် အတင့်ရဲစွာ လုယက်သည့်ဖြစ်စဉ်မျိုး ယခင်ကမရှိဖူးကြောင်းသိရသည်။
ယခုလပိုင်းအတွင်း လုယက်ခံရဖူးသူများက ရဲတိုင်လျှင်လည်း အချည်းနှီးသာဖြစ်နေပြီး တောင်ကြီးမြို့ဟာ ယခင်ကနှင့်မတူဘဲ နေ့ခင်းအချိန် လူစည်ကားရာနေရာများတွင်ပါ လုံခြုံမှုမရှိတော့ကြောင်း ဆိုကြသလို လုယက်ခံရပါက ရဲစခန်းတိုင်မနေဘဲ မိမိကိုယ့်ကိုယ်သာ လုယက်သူများကို ရှောင်ရှားကြစေလိုကြောင်း လာမည့်လတွင် စစ်တပ်ကပြုလုပ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာလည်သူများလည်း အထူးသတိထားကြရန် မြို့ခံများက အကြံပေးကြသည်။
လုယက်ခံရပါက ရဲစခန်းသို့ တိုင်လျှင်လည်း ထူးခြားမှုမရှိဘဲ အချိန်ကုန်၊ ငွေကုန်သည်သာ အဖတ်တင်ကြောင်း၊ လုယက်သူများ၏ မျက်နှာကို မှတ်ထားရန်လိုကြောင်း ကိုယ်တိုင်လုယက်ခံရဖူးသူတစ်ဦးက ပြောသည်။
“ လုတဲ့ကောင်တွေထဲက တစ်ယောက်ရဲ့ရုပ်ကို အသေမှတ်ထားပါ နှစ်ယောက်မှတ်နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်က အမှတ်သားတစ်ခုခုကို မှတ်ထားပါ။ ၅ယောက်လုရင် ၅ယောက်လုံးရုပ်ကို မှတ်မိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တန်ဆောင်တိုင်ပွဲလည်းနီးလာပြီ တစ်ယောက်ထဲလာမယ်တွေ၊ first trip တွေလာမလုပ်ပါနဲ့။ ပွဲအကြောင်းအထာနပ်တဲ့ နယ်ခံတွေတောင် ခံရတဲ့အခေါက်တွေရှိပါတယ်။ အဖော်တွေအများကြီးပါတာတောင် အခွင့်ကောင်းယူတဲ့ကောင်တွေကအများကြီးပါ။ စဉ်းစားကြဖို့ပါ။ ဘေးကင်းကြပါစေ” ဟု ၎င်းက အကြံပြုသည်။
အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ယခင်ကနှင့်မတူ ခိုးယူမှုများများပြားလာခဲ့သလို ယခုနှစ် စက်တင်ဘာလထဲတွင် ပြည်သူ့စစ်ခေါင်းဆောင် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေလက်အောက်ခံ ပြည်သူ့စစ်များက ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လုယက်မှုများ၊ လုယက်ရန်ကြိုးစားမှုများ မကြာခဏကြုံတွေ့ ကြားသိနေရကြောင်း ဒေသခံများကဆိုကြသည်။
#MeKongNews
#တောင်ကြီး
#ပြည်သူ့စစ်
#လုယက်
#ဦးသန်းရွှေ








