မဲခေါင်၊ စက်တင်ဘာ ၁၇
မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်မှုကြောင့် လားရှိုးမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များအတွက် စစ်ကောင်စီ ရှမ်းဝန်ကြီးချုပ်မှ ထောက်ပံ့ပေးခဲ့သည့် ဆန်အိတ် ၁၄၀အနက် အိတ် ၁၂၀ ကို ပြန်သိမ်းသွားကြောင်း စစ်ရှောင်များက မဲခေါင်သို့ ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က လားရှိုးမြို့၊ ရှမ်းစာပေနှင့် ယဥ်ကျေးမှုခမ်းမ၌ ရှမ်းဝန်ကြီးချုပ် ဦးအောင်အောင်က လားရှိုးမြို့သို့ ရောက်ရှိနေသည့် ကျောက်မဲ၊ သီပေါ စစ်ရှောင်များသို့ ထောက်ပံ့သည့် အနေဖြင့် ဆန်အိတ် ၁၄၀ အိတ်၊ ဆီ ၇၀ ပိဿာ၊ ကြက်ဥ ၄၅ ကပ်၊ ခေါက်ဆွဲ ၄၅ ဖာကို ပေးအပ်ခဲ့ပြီးနောက် ဆန်အိတ် ၂၀ သာ ချန်ထားခဲ့ပြီး ဆန်အိတ် ၁၂၀ ကို ပြန်သိမ်းသွားသည် ဟု ဒေသခံတစ်ဦးက ပြောသည်။
“အပေးပြပြီး ခုလိုလုပ်တာတော့ မကောင်းဘူး။ ဖော်ရှိုးသက်သက် လာလုပ်ပြသွားတာ၊ ဝန်ကြီးချုပ် ကိုယ်တိုင်လား အောက်ခြေက လုပ်တာလား မသိပေမယ့် သိက္ခာကျ ရုပ်ပျက်တယ်။ ဆန်ဂိုထောင်ကတောင် ပြောတယ်။ ယူတာရော ပြန်လာထားတာရော ကားခ ဘယ်သူ့ဆီတောင်းရမှန်းမသိဘူးတဲ့” ဟု ၎င်းက ပြောသည်။
လက်ရှိ လားရှိုးမြို့တွင် စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကျော်တွင် လူဦးရေ ၇၀၀ ကျော်ရှိနေသဖြင့် ယခု ချန်ထားသည့် ဆန်အိတ် ၂၀ မှာ တစ်ရက်ဆန် ၄ အိတ်နှုန်း ကုန်ကျနေရသည့် စစ်ရှောင်များအတွက် ၅ ရက်စာခန့်သာ ရှိခဲ့သည်ဟု သိရသည်။
လားရှိုးရောက် စစ်ရှောင်များအတွက် ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေ စုစုပေါင်းကို ကျပ်သိန်း ၁၄၈ သိန်းဟု စစ်ကောင်စီက ဝါဒဖြန့်ထားပြီး ၎င်းအတိုင်း အမှန်တကယ်မရဘဲ ၃၈ သိန်းခန့်သာ ရရှိသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောကြားသည်။
#MeKongNews
#ရှမ်းပြည်မြောက်ပိုင်း
#စစ်ဘေးရှောင်
#လားရှိုးမြို့
#ဆန်အလှူ








