မဲခေါင်၊ စက်တင်ဘာ ၁၁
လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ပြန်လည်ထိန်းချုပ်ခွင့်ရခဲ့သည့် တပ်များအနက် တပ်ပျက်ပြီးမှ ပြန်လည် စုဖွဲ့ထားသည့် လားရှိုးမြို့ အခြေစိုက် ခလရ ၄၁ မှ စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူအများအပေါ် အနိုင်ကျင့် ရမ်းကားဆက်ဆံမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလောတွင် ဒေသခံကားများကို ရန်တိုင်းအောင်ဘုရားအနား၌ ခလရ၄၁ မှ မူးရစ်သောက်စားထားသည့် အရာရှိနှင့် စစ်သားများက တားဆီးကာ ကားပေါ်ရှိ လူအားလုံးကို လမ်းပေါ်တွင် ရပ်ခိုင်း၍ ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာဗျာ။ လုံခြုံရေးယူပေးတာကို ကျေးဇူးတင်ပေမယ့် ပါးရိုက်မယ်၊ နားရိုက်မယ် ပြောတာတွေကတော့ ပြည်သူကို ခြိမ်းခြောက်နေတာပဲ။ နောက်ဆုံးဗျာ အရက်မမူးဘဲနဲ့ ပြောရင်တောင် ဟုတ်သေးတယ်။ ကိုးကန့်တွေက ဘာမှမပြောဘူး။ စစ်တပ်ကျမှ ပြောတာ” ဟု စက်တင်ဘာလ ပထမပတ်အတွင်း ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောသည်။
ခလရ ၄၁သည် လားရှိုးမြို့ပေါ် လုံခြုံရေး အကြောင်းပြပြီး ၎င်းတို့ လက်အောက်တွင် ပြန်လည် ဖွင့်လှစ်လုပ်ကိုင်လာသည့် KTV များမှလည်း လစဥ်ကြေးများ အဆမတန် ကောက်ယူနေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က လုံခြုံရေး ယူထားပေးသည် ဆိုသော်လည်း မြို့ပေါ် ရပ်ကွက်ကြီး ၁၂ရပ်ကွက်တွင် နေ့စဥ်လို လူပြန်ပေး၊ လုယက်၊ ခိုးမှုများ ဖြစ်ပွားလျက်ရှိကာ မကြာခဏလည်း သေနတ်ဖြင့် ပစ်ခတ်မှု၊ လူသေဆုံးမှုများ ရှိနေ၍ မြို့တွင်း နေထိုင်နေသူများမှာ စိုးရိမ်ထိတ်လန့်မှုများနှင့် ဥပဒေစိုးမိုးမှုအားနည်းနေသည့် အခြေအနေတွင် ကျီးလန့်စာစား နေထိုင်နေကြရကြောင်း သိရသည်။
#MeKongNews
#လားရှိုးမြို့
#စစ်ကောင်စီတပ်ဖွဲ့ဝင်
#ခလ၇၄၁
#ချိန်းခြောက်မှု
#အနိုင်ကျင့်မှု







