မဲခေါင်၊ စက်တင်ဘာ ၉
တစ်နှစ်ထဲတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ လိမ်လည်ခံရသည့်အတွက် အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)က စက်တင်ဘာ ၈ ရက်နေ့တွင် မြန်မာနှင့် ကမ္ဘောဒီးယား ကျားဖြန့်စင်တာများကို ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှတစ်ဆင့် ထုတ်ပြန်ကြေညာသွားခဲ့သည်။
အရှေ့တောင်အာရှရှိ ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများအပေါ် ပိုမိုပစ်မှတ်ထားကာ အကျိုးအမြတ်ထုတ်ယူ လိမ်လည်နေမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ် တည်း အဆိုပါကျားဖြန့်လုပ်ငန်းများက အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာ ၁၀ ဘီလီယံအထိ လိမ်လည်ရယူခဲ့ကြောင်း အမေရိကန်အစိုးရ မှတ်တမ်းများအရ သိရသည်။
တုံ့ပြန်သည့်အားဖြင့် OFAC သည် စက်တင်ဘာ ၈ ရက်တွင် ရွှေကုက္ကိုမြို့သစ်၌ အခြေစိုက်ကာ ကျားဖြန့်လုပ်နေသော စင်တာ ၉ ခုကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းကျားဖြန့် ဗဟိုချက် ရွှေကုက္ကိုလ်သည် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNA(ယခင် BGF) မှ အကာအကွယ်ပေးထားသလို KNA အဖွဲ့မှ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ သားဖြစ်သူ စောထူးအယ်မူး နှင့် စောချစ်ချစ်တို့ကိုမေလက ပိတ်ဆို့အရေးယူမှု လုပ်ထားပြီးဖြစ်ကြောင်း OFAC ကဖော်ပြထားသည်။
ယခု ထပ်မံအရေးယူသည့် လူပုဂ္ဂိုလ်များမှာ စောတင်ဝင်း၊ စောမင်းမင်းဦးနှင့် Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) ကို ထူထောင်ခဲ့သူ SHE ZHIJIANG တို့ဖြစ်ကာ ကုမ္ပဏီ ၆ ခုမှာ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) ၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ ၊ ချစ်လင်းမြိုင်ကုမ္ပဏီ ၊ ရွှေမြစ်သောင်ရင်းစက်မှုနှင့်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီ၊YATAI INTERNATIONAL HOLDING GROUP LIMITED တို့ဖြစ်သည်ဟု ကြေညာခဲ့သည်။
ထို့အပြင် OFAC သည် ကမ္ဘောဒီးယားတွင်အခြေစိုက်ကာ အဓမ္မ လုပ်သားခိုင်းစေခြင်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် လိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများလုပ်ဆောင်နေသော လူပုဂ္ဂိုလ် ၄ ဦးနှင့် အဖွဲ့အစည်း ၆ ခုကို ပစ်မှတ်ထားပိတ်ဆို့ကာ ၎င်းတို့သည် အမေရိကန်သာမက ဥရောပနှင့် တရုတ်မှ နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေကြသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားမှ ကျားဖြန့်နှင့်ပတ်သက်သော ပိတ်ဆို့အရေးယူခံရသူ လူပုဂ္ဂိုလ် ၄ ဦးမှာ Dong Lecheng၊ Xu Aimin၊ Chen Al Len နှင့် Su Liangsheng တို့ဖြစ်ကာ ကမ္ဘောဒီးယားတွင် ကျားဖြန့်လုပ်ငန်းအတွက် ထောင်ချောက်မိကာ အဓမ္မအလုပ်လုပ်နေရသူ တစ်သိန်းခွဲ ရှိသည်ဟု US Aid အေဂျင်စီအဆိုအရ သိရပြီး ထိုင်းအစိုးရ အဆိုအရ မြန်မာဘက်တွင် ကျားဖြန့် အဓမ္မခိုင်းစေခံလုပ်သား တစ်သိန်း ရှိသည်ဟု သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#စောချစ်သူ
#ရွှေကုက္ကိုလ်
#ချစ်လင်းမြိုင်
#စောတင်ဝင်း
#စောမင်းမင်းဦး








