မဲခေါင်၊ စက်တင်ဘာ ၅
ကမ္ဘောဒီးယားနိုင်ငံအတွင်းမှ ကျားဖြန့်လုပ်ငန်းများအတွက် ပြန်ပေးဆွဲ ဖမ်းဆီးခိုင်းစေခံရသော တောင်ကိုရီးယားနိုင်ငံသားများနှုန်းသည် ၂၀၂၅ ခုနှစ်အတွင်း လွန်စွာ မြင့်မားလာပြီး ၂၅၂ ယောက် အထိရှိသည်ဟု သတင်းများအရ သိရှိရသည်။
အစိုးရထုတ်ပြန်သည့် သတင်းအချက်အလက်များကို ကိုးကားပြီး ဒေသတွင်းမီဒီယာတစ်ခုမှ ဖော်ထုတ်ရေးသားခဲ့မှုအရ ထိုသို့ သိရှိရခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်က ၁၇ ယောက်၊ ၂၀၂၄ ခုနှစ်က ၂၂၀ ရှိခဲ့ရာမှ ယခုနှစ် ဇူလိုင်လအထိကာလအတွင်းမှာပင် ၂၅၂ ယောက်အထိ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
တောင်ကိုရီးယားမီဒီယာ MBC News ၏ ဖော်ပြမှုအရ အသက် ၂၀ ဝန်းကျင်းအရွယ် အမျိုးသမီးတစ်ဦး ကမ္ဘောဒီးယားတွင် ပြန်ပေးဆွဲ ဖမ်းဆီးခံရကာ သူမနှင့်အတူ အဆောက်အအုံတစ်ခုအတွင်းတောင်ကိုရီးယားသား အနည်းဆုံး ၁၃ ယောက် ဘ၀တူအဖြစ် ဖမ်းဆီးခံထားရသည်ဟု သတင်းပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
လစာကောင်းသော အလုပ်ရမည်ဟု ဆိုကာ လိမ်ညာခေါ်ဆောင်ပြန်ပေးဆွဲခံကြရခြင်းဖြစ်ကာ မိမိဘဏ်အကောင့်ထဲမှ ငွေ ဝမ် ၁၈ သန်း (ဘတ် ၄၂၀၀၀၀) ကိုလည်း ယူဆောင်သွားပြီး ရောက်ရောက်ချင်း လမ်းမလျှောက်နိုင်သည်အထိ ဖြစ်စေရန် ရိုက်နှက်နှိပ်စက်သည်ဟု MBC သို့ ပြောပြသွားခဲ့သည်။
ပြီးခဲ့သည့်လက ကမ္ဘောဒီးယားတွင် ပါ့ခ်ဆိုသော မျိုးရိုးအမည်ရ တောင်ကိုရီးယားသားတစ်ဦး ရိုက်နှက် နှိပ်စက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရသေးသည်။
တောင်ကိုရီးယားအစိုးရက ထို အဖြစ်အပျက်များအတွက် စုံစမ်းဖော်ထုတ်ရန် ကမ္ဘောဒီးယားအစိုးရအား ဖိအားပေးတောင်းဆိုထားသည်။
ကမ္ဘောဒီးယားတွင် တရုတ်ရာဇဝတ်ဂိုဏ်းကြီးတစ်ခု ကမ္ဘောဒီးယား အာဏာပိုင်များနှင့် ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေကာ ထိုသို့သော အဖွဲ့အစည်းကြီး ၃ ခုရှိပြီး ကြီးမားသည့် ကျားဖြန့်အဆောက်အအုံပေါင်း ၅၀ ကျော်တွင် လိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#တောင်ကိုရီးယား
#ကျားဖြန့်
#ကမ္ဘောဒီးယား
#တရုတ်ရာဇဝတ်ဂိုဏ်း








