မဲခေါင်၊ စက်တင်ဘာ ၂
မြ၀တီ-မဲဆောက် (ထိုင်- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ) ကို မြန်မာဘက်မှ ပိတ်လိုက်ရာ ဩဂုတ် ၁၈ ရက်နေ့ကတည်းက ထိုင်းဘက်တွင် ကုန်ကားများစွာ ပိတ်မိနေရာ မြန်မာဘက်က ကုန်သည်များ အနေဖြင့် ယင်းသွင်းကုန်များအား ရနောင်းနှင့်တာချီလိတ်မှ လမ်းကြောင်းပြောင်း တင်ပို့ရန် မြန်မာဘက်မှ အကြံပြု ခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင် မဲဆောက် ကုန်စည်တင်သွင်းမှုတွင် မြန်မာဘက်မှ သွင်းကုန်ထိန်းချုပ်မှုစနစ် တင်းကြပ်စွာ ထားရှိလိုက်ပြီး တံတားပိတ်လိုက်ခြင်းဖြစ်ရော စက်တင်ဘာ ၁ ရက်က ထိုင်းပြည်ပကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အာရာဒါဖူအန်တောင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဇော်ဇော်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာဘက်မှ သွင်းကုန်လိုင်စင်နှင့်ပတ်သက်ပြီး တင်းကြပ်ထားမှုများ ပြန်လည်ဖြေလျော့ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။
မဲဆောက်မှ ကုန်စည်များတင်ပို့မှုကို ထိုင်းကုန်သည်များအနေဖြင့် လမ်းကြောင်းပြောင်းကာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှလည်ကောင်း၊ မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းမှလည်ကောင်း ပြောင်းလဲတင်ပို့ရန် မြန်မာဘက်မှ အကြံပြုခဲ့သည်ဟု အာရာဒါဖူအန်တောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာဘက်မှ တာဝန်ရှိသူများသည် တင်ပို့ကုန်များမှ ရရှိအခွန်ငွေနှုန်း ပြန်လည်ချင့်တွက် သတ်မှတ်ရန် ထိုင်းဘက်မှ အဆိုပြုမှုကိုလည်း လက်ခံခဲ့သည်ဟု သိရသည်။
မစ္စ အာဒါရာက ထိုင်းဘက်မှ မြန်မာ စီးပွားကူးသန်းဝန်ကြီးအား ဖိတ်ကြားပြီး ကုန်သွယ်ရေးမူဝါဒများ ချမှတ်ရေး၊ နှစ်နိုင်ငံပူးပေါင်း ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးသွားရန်ရှိသည်ဟုလည်း ဆိုသည်။
ယခုနှစ် ပထမ ၆ လအတွင်း ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ကြေးသည် ဘတ် ၁၀၅ ဒသမ ၁ ဘီလီယံ ရှိခဲ့ကာ မနှစ်ကထက် ၂၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ထိုင်းပို့ကုန်တန်ကြေးသည်လည်း ၁၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ ၆၃ ဒသမ ၅ ဘီလီယံသာရှိကြောင်း၊ သွင်းကုန်တန်ဖိုးသည်လည်း ၃၅ ရာခိုင်နှုန်း ကျဆင်းကာ ၄၁ ဒသမ ၅ ဘီလီယံသာ ရှိသည်ဟု သိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တာ့ခ်ခရိုင် မဲဆောက်ဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည် ယခင်နှစ်ကထက် ၉ ဒသမ ၇၁ ရာခိုင်နှုန်းကျဆင်းကာ ဘတ် ၄၅ ဒသမ ၅ ဘီလီယံသာရှိခဲ့သည်။
ကန်ချနာဘူရီရှိ ဆန်ခလာဘူရီ ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးဘတ် ၃၂ ဒသမ ၄ ဘီလီယံသာရှိပြီး ယခင်နှစ်ကထက် ၃၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ရနောင်းကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည်လည်း မနှစ်ကထက် ၁၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းကာ ဘတ် ၁၈ ဒသမ ၂ ဘီလီယံသာရှိကြောင်း၊ ချင်းရိုင်ရှိ မယ်ဆိုင် စစ်ဆေးရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည်လည်း ၄၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းကာ ဘတ် ၈ ဒသမ ၀၆ ဘီလီယံဖိုးသာ ရှိတော့သည်။
ပရာချူအပ်ခီရီခန်းကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည် ၉၃ ဒသမ ၉ ရာခိုင်နှုန်း အထိကျဆင်းပြီး ဘတ် သန်း ၃၀၀ ဖိုးသာရှိတော့ကာ မယ်ဟောင်ဆောင် ဂိတ်မှ ကုန်သွယ်မှုမှာမူ ၂၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဘတ် ၆၉၈ သန်း ရှိခဲ့သည်။
ချင်းမိုင်ရှိ မယ့်ဆရင်း ဂိတ်မှ ကုန်သွယ်မှု တန်ကြေးသည်လည်း ၃၅ ရာခိုင်နှုန်းမြင့်တက်လာကာ ဘတ် ၁၀၄ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်ဟု ထိုင်းစီးပွားကူးသန်းမှ ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#တာချီလိတ်
#မဲဆောက်
#ကုန်သွယ်မှု
#ထိုင်းနိုင်ငံ
#ရနောင်း
#ကော့သောင်း








