မဲခေါင်၊ သြဂုတ် ၃၁
ကျောက်မဲမြို့နယ် ထန်းတပင်ရွာမှ ခြေကုတ်ရယူပြီး နောင်ပိန်ကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အင်အားသုံးတိုက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် နောင်ပိန်ကျေးရွာကို သြဂုတ်လ ၂၉ ရက်၌ ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။
တရုတ်ကူမင်းဆွေးနွေးမှု၌ နိုင်ငံရေးအရ ရယူမှုမရှိတော့ဘဲ စစ်ရေးအရသာ တိုက်ယူမည်ဆိုသည့် စစ်ရေးအသာစီးလုပ်ရပ်ဟုနိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
“သူတို့သေတာ အနည်းဆုံး ၃၀ ကျော်မယ်။ တော်လှန်ရေးဘက်ကလည်း ကျတယ်။ ပြည်သူလည်း ၁၀ဦးကျော်သေပြီလေ။ ဒဏ်ရာရတာ ၄၀ကျော်၊ အိမ်တွေလည်း အများကြီး မီးလောင်ပျက်စီးခဲ့ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
နောင်ပိန်မှာ ထန်းတပင်နှင့် ၂ မိုင်ခန့်သာဝေးကွာသည်ကို သြဂုတ်လ ၁၉ ရက်မှ ၂၉ ရက်အထိ ၁၂ ရက်ကြာ တိုက်ယူခဲ့ရခြင်းဖြစ်သည်။
“ကျောက်မဲနဲ့တော့ ၈ မိုင်လောက်ဝေးတဲ့နေရာ စစ်တပ်တွေရောက်နေတယ်ကြားတယ်။ အဲမှာ စစ်ကြောင်းတွေဆိုင်ထားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာအတွင်း လက်နက်ကြီးကျပြီး ပီမောင်ဆိုသူ စစ်ရှောင်ရင်း အိမ်ခဏပြန် ဆန်၊ ဆီ တစ်ခေါက်ပြန်ယူသူ လက်နက်ကြီး ထိမှန်သေဆုံးရကြောင်း သိရသည်။.
အလားတူ စစ်ကောင်စီက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့ပြည်ထောင်စုလမ်းမဘေး လွယ်ခေါ်ရွာနတ်စင်မျက်နှာချင်းဆိုင်ရှိ တောင်ပေါ်နှင့် ရွာအထွက်လမ်းကွေ့အနီး ဒရုန်းဖြင့် ဗုံး၂လုံးလာရောက်ပစ်ချခဲ့သော်လည်း ထိခိုက်ပျက်စီးမူမရှိကြောင်းသိရသည်။
လတ်တလောတွင် စစ်ရေးအသားစီးရနေသည့် စစ်ကောင်စီက တိုက်ပွဲသတင်းများကို ဆက်တိုက်ဖော်ပြနေပြီး လက်ရှိစစ်ဆင်ရေးကို ဩဂုတ် ၁၉ ရက်မှ ၂၉ ရက်အထိ ရက်ပေါင်း ၁၂ ရက်ကြာ ဆင်နွှဲခဲ့ပြီး ရွာများနှင့်နေရာအချို့ကို သိမ်းပိုက်ခဲ့ကာ တိုက်ပွဲကြီးငယ် ၄၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ အဓိကလမ်းပိုင်းဖြစ်သည့် နောင်ချို – ကျောက်မဲ လမ်းပိုင်းကို ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က ဖော်ပြထားသည်။
#MeKongNews
#ကျောက်မဲ
#နောင်ပိန်
#စစ်ကောင်စီ
#TNLA
Photo – Visit Kyaukme








