မဲခေါင်၊ သြဂုတ် ၂၈
ဆိုင်ကယ်ခိုးယူ လုယက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့နံနက်ပိုင်း၌ အဆောင်တစ်ခုမှ ဆိုင်ကယ် ၂ စီး အခိုးခံရကြောင်း ကာယကံရှင်များ နှင့်နီးစပ်သူထံမှ သိရသည်။
ယနေ့သြဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ ဝေါ်ခုတ်မြို့သစ်ရှိ အဆောင်းငှားနေရာတွင် မိုင်းဆတ်မှ အလုပ်လာရောက်လုပ်ကိုင်ရင်း ခေတ္တငှားရမ်းနေထိုင်နေသည့် ဇနီးမောင်နှံ၏ ဆိုင်ကယ် ၂ စီးလုံး ခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၁ နာရီအထိ ထကြည့်တာ ရှိသေးတယ်။ ဇက်သော့ပဲ ခတ်ထားတာ။ မနက် ၆ နာရီ ထိုးတော့ မရှိတော့ဘူး။ CCTV မရှိတော့ သေချာမသိရဘူး။ အမှုဖွင့်ဖို့ ရှိပါတယ်” ဟု နီးစပ်သူက မဲခေါင်သို့ ပြောသည်။
ကျိုင်းတုံခရိုင်ရဲရုံးမှ မကြာမီကာလက ဆိုင်ကယ်သူခိုး ၄ ဦး နှင့် ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နေသည်ဟု သိရသော်လည်း ဆိုင်ကယ်များ ဆက်လက်ခိုးယူခံနေရဆဲဖြစ်သဖြင့် ပျောက်ဆုံးဆိုင်ကယ်များ အမြန်ပြန်လည်ရရှိရေး ကိုယ့်အားကိုယ်ကိုး အားပြုနေရသည်ဟု ဆိုင်ကယ် ပျောက်ဆုံးထားသူများက ပြောသည်။
ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်များ အလွယ်တကူ အခိုးမခံရစေရန် မိမိဆိုင်ကယ်များတွင် အချက်ပေး သော့တပ်ဆင်ရန်၊ GPS တပ်ဆင်ရန်၊ ဇက်သော့၊ ကိုယ်ထည်သော့များတွဲခတ်ရန်အပြင် ဆိုင်ကယ်၏ ကိုယ်ထည် နံပတ်များ ဖုန်းဖြင့် ရိုက်ယူထားရန်၊ ပျောက်ဆုံးကြောင်း အမှုဖွင့်သတင်းပေးရန်တို့လိုအပ်ကြောင်း ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
ကျိုင်းတုံမြို့သည် ရှမ်းပြည်အရှေ့ပိုင်းမြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ တရားဥပဒေ စိုးမိုးရေးအပြည့်အဝ ရှိစေရန် လိုလားနေကြကြောင်း ဒေသခံများက ပြောကြားနေကြသည်။
#MeKongNews
#ရှမ်းပြည်အရှေ့ပိုင်း
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#တရားဥပဒေ








