မဲခေါင်၊ ဩဂုတ် ၂၆
စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင့်ကန့်ကွက်နေသူများနှင့် ပြည်သူများကို ဖိနှိပ် စောင့်ကြည့်ရန်အတွက် AI နည်းပညာများကို အသုံးချနေကြောင်း Human Right Myanmar က အစီရင်ခံစာ ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်မှ စတင်ကာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူများနှင့် တွန်းလှန်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် နှင့် နောက်ကွယ်မှ စောင့်ကြည့်နိုင်ရန် အတွက် ဒီဂျစ်တယ် နည်းပညာအခြေပြု ယန္တရားကြီးကို တည်ဆောက်နေပြီး ဒီဂျစ်တယ် နည်းပညာသုံး စောင့်ကြည့်ထိန်းချုပ်မှု စနစ်ကို Artificial Intelligence (AI) ဖြင့် စနစ်တကျ ပေါင်းစပ်အသုံးချနေသည်ဟု ဩဂုတ်လ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AI နည်းပညာကို အသုံးချနေမှုတို့မှာ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ခြင်းနှင့် e-ID ပြုလုပ်ရာတွင်လည်း ဒေတာ ထိန်းချုပ်ရန်၊ SIM card မှတ်ပုံတင်ရာတွင် Network Analysis and Keyword Scanning ပိုင်းတွင်လည်းကောင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် ဧည့်စာရင်းကောက်ယူပြီး ၎င်းတို့ အလိုရှိနေသူများ ပါဝင်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးသည့် Guest list management system (GLMS) စနစ်၊ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ စစ်ဆေးစောင့်ကြည့်သည့် Myanmar Advanced passenger processing system (MAPPS) စနစ်၊ စစ်မှုထမ်းအကျုံးဝင်လူငယ်များကို ထိန်းချုပ်သည့် National Service information management system (NSIMS) နှင့် လူတစ်ဦးချင်းစီကို စောင့်ကြည့်သည့် Person Scrutinizing and monitoring system (PSMS) စနစ် များတွင် ပါဝင်အသုံးချနေသည် ဟု Human Right Myanmar က ဆိုသည်။
စစ်ကောင်စီသည် Real-time facial Recognition CCTV ကင်မရာများကို အသုံးပြုပြီး AI နည်းပညာ ဖြင့် ခွဲခြမ်းစိတ်ဖြာသည့် စောင့်ကြည့်မှုများဖြင့် ဆန့်ကျင်သူများကို ခြေရာခံ ဖော်ထုတ်နေပြီး ယင်းစနစ်သည် အွန်လိုင်းပေါ်မှ ဝေဖန်တိုက်ခိုက်နေသူများ၊ ဆန့်ကျင်နေသူများကို စီစစ်ရန် အသုံးပြုနေသည် ဟုလည်း ဖော်ပြထားသည်။
AI-Driven Targeting Technologies ကို အသုံးပြု၍ အွန်လိုင်းပေါ်မှလည်း စောင့်ကြည့်အရေးယူနေရာ ၂၀၂၅ ခုနှစ် မတ်လမှ မေလအတွင်း လူပေါင်း ၁၆၅၇ ဦး ဖမ်းဆီးခံခဲ့ရသည် ဟု သိရသည်။
ထိုအတူ စစ်ကောင်စီသည် နည်းပညာအသုံးပြုခြင်းကို ဖိနှိပ် ကန့်သတ်ရန်နှင့် လိုသလို အသုံးချရန် အတွက်လည်း ဆိုက်ဘာလုံခြုံရေးဥပဒေ – Cyber Security Law 2025 ကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရေးဆွဲခဲ့ပြီး ဇူလိုင်လတွင် ဥပဒေပြဌာန်းခဲ့သည်။
ဖေသန်း
#MeKongNews
#စစ်ကောင်စီ
#ဖိနှိပ်စောင့်ကြည့်မှု
#AIနည်းပညာ
#HumanRightMyanmar
#GLMS #MAPPS #PSMS
#NSIMS
#လူထုကိုစောင့်ကြည့်ခြင်း








