မဲခေါင်၊ သြဂုတ်၂၄
စစ်ကောင်စီ၏ တပ်မ ၁၁ မှ အင်အား ၇၀၀ ကျော်ပါ မြေပြင်တပ်သည် နောင်ပိန်ကြီးကို သြဂုတ် ၁၉ ရက်မှစကာ ဝေဟင်မှဗုံးကြဲ၊ လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် ယနေ့ သြဂုတ်လ ၂၄ ရက်တွင် ရပ်ကွက် ၄ အထိ ရောက်ရှိလာပြီး မတိမ်းရှောင်နိုင်ဘဲ ကျန်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
နောင်ပိန်ကြီးကျေးရွာထဲသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းသည် စစ်ဘေးမတိမ်းရှောင်နိုင်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို သေနတ်နှင့်ပစ်ခတ်ခဲ့သည်အတွက် ယမန်နေ့ သြဂုတ်လ ၂၃ ရက် နေ့ညနေပိုင်းတွင် အမျိုးသားတစ်ဦး နေရာမှာပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး အပါအဝင် မိသားစုဝင်များတွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
“အမျိုးသားက ဗိုက်ထိပြီးသေတယ်။ အမျိုးသမီးက ဦးခေါင်းထိ၊ ပေါင်ထိ၊ ကလေးက လက်ထိတယ်။ ဘယ်ပရဟိတအသင်းအဖွဲ့မှလဲ ဝင်ဖို့မလွယ်ကူသေးပါ။ ပရဟိတကားတွေလည်း ဝင်ရင်ပစ်ခံရမှာစိုးလို့ ဝင်မရဘူးဖြစ်နေတယ်” ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်တပ်စစ်ကြောင်း၏ ရှေ့ထွက်ကာကင်းအနေဖြင့် စခန်းသာအထိ ရောက်ရှိနေပြီဟု CDM ဗိုလ်ကြီးဇင်ယော်က မဲခေါင်သို့ပြောသည်။
ယခု စစ်တပ်ရောက်ရှိနေသည့် နောင်ပိန်မှ ကျောက်မဲသို့ ၁၀ မိုင်ခန့်ဝေးသော်လည်းကြားတွင် TNLA ရှိသည့် ၄ မိုင်ခန့်ဝေးကွာသည့် နားအိုင်းခန်းရွာ၊ ၎င်းမှ ၄ မိုင်ခန့် ဝေးသည့်စခန်းသာ၊ နောက် ၂ မိုင်ခန့်ဝေးသည့် ခိုက်တုံဟုန်းရွာနှင့် ၃ မိုင်ခန့်ဝေးသည့် ခိုမုန်းရွာတို့သည် လမ်းမဘေးရွာများ ဖြစ်ကြပြီး အတွင်းဘက်တွင် ပေါက်အင်းကြီး၊ ပေါက်အင်းလေး စသည့်ရွာများရှိသေးကြောင်း ဒေသခံများက ပြောသည်။
“စခန်းသာက ၅ မိုင်ဝေးတဲ့ မိုင်းတင်းကနေ ကျောက်မဲ ငြိမ်းချမ်းရေးကုန်း အနောက်ဘက်ကို ဝင်နိုင်တယ်။ နောင်ပိန်နဲ့ကျောက်မဲကြား ၄ ရွာလောက်ပဲရှိတယ်။ ခိုအုံ၊ ခိုမုံးရောက်ရင် ၂ လမ်းရှိတယ်။ ခိုမုံးနဲ့ ငြိမ်းချမ်းရေးကုန်းတစ်လမ်း၊ ခိုမုံးနဲ့ကျောက်မဲ မိန်းလမ်းတစ်လမ်း အမြောက်တပ်ရောက်တယ်။ ခိုမုံးနဲ့ ငြိမ်းချမ်းရေးကုန်းက ကျောက်မဲနဲ့ မိုးကုတ်သွားတဲ့လမ်းကြားဖြတ်လမ်း” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ ရပ်ကွက်ရှိ ပြည်သူအများစု စစ်ရှောင်နေကြပြီ ဖြစ်သော်လည်း အချို့မှာ ပြဿဒါးနေ့ဖြစ်၍ နောက်ရက်မှ စစ်ရှောင်မည်ပြောကြားကြသဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ လုပ်ကိုင်ရခက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် သြဂုတ်လ ၅ ရက်တွင် ကျောက်မဲကို TNLA နှင့်မဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ယခုတွင် စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။
Photo – ကျောက်မဲစစ်ရှောင်များ/ဇာတိမြေ ကျောက်မဲ ပရဟိတအသင်း
မဟာ
#MeKongNews
#ကျောက်မဲ
#နောင်ပိန်
#စစ်ကောင်စီ
#သတ်ဖြတ်








