မဲခေါင်၊ သြဂုတ်၂၁
ရှမ်းပြည်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာကို စစ်ကောင်စီက ယမန်နေ့ ည ၈ နာရီခန့်တွင် ဗုံးကြဲသဖြင့် ၇ ဦးသေဆုံးပြီး ၄၀ နီးပါးရှိနေကြောင်း ဒေသခံများထံက သိရသည်။
ဒဏ်ရာရလူနာများကို ညဘက် အထိ ဆွဲထုတ်နေရကြောင်း၊ လူ ၄၀ ကျော် ဒဏ်ရာရကာ အလောင်း ၇ ခု ဆွဲထုတ်ထားခဲ့ရပြီး စာရင်း အတိအကျ မသိရသေးကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။
“ ဒီမနက် ၉ နာရီမှာ ပုံဝိုးဆေးရုံကနေ လူနာ ၁၁ ဦး လားရှိုးကို ပို့တယ်။ မနေ့က လူနာ ၂၀ ကျော်ကို ကွတ်ခိုင်ဆေးရုံကို ပို့တယ်။ သေသူတွေတော့ ဆွဲထုတ်နေဆဲပဲ” ဟု လူမှူကူညီသူတစ်ဦးက မဲခေါင်ကို ယနေ့နံနက်ပိုင်းက ပြောသည်။
နောင်ပိန်ကြီးနှင့် ပင်တီးရွာမှာ ကပ်လျက်တည်ရှိပြီး ပင်တီးဘုန်းကြီးကျောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့သော လူနာများအနက် အသက် ၈၀ အရွယ် အဖိုး တစ်ဦး၊ အသက် ၁၇ နှစ် အရွယ် မိန်းကလေးငယ်၊ မျက်နှာ တစ်ခုလုံး စုတ်ပြတ် ဒဏ်ရာရသူအသက် ၁၇ နှစ် အရွယ် မိန်းကလေးငယ်၊ စိုးရိမ်ဒဏ်ရာရသည့် တစ်နှစ်သား ကလေးငယ် တစ်ဦး တို့ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ၎င်းလူမှုကူညီသူက ပြောသည်။
နောင်ပိန်ရွာကို စစ်တပ်မှ ပေါင် ၅၀၀ နှစ်လုံး ကြဲချခြင်း၊ အမြှောက်၊ ဒုံး၊ ဟောင်ဝစ်ဇာ များဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်း ၊ ဒရုန်းများဖြင့် ဆက်တိုက် ကြဲခြင်း တို့ကြောင့် ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေကြသော ပြည်သူများ ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းပြည်မြောက်ပိုင်း
#ကျောက်မဲမြို့နယ်
#နောင်ပိန်ရွာ
#လေကြောင်းတိုက်ခိုက်မှု
#စစ်ကောင်စီ
#ထိခိုက်ဒါဏ်ရာရ








