မဲခေါင်၊ သြဂုတ် ၁၉
TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ စတင်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ ညတွင် ဂုတ်ထိပ်ချောင်းကို ရာဘာဖောင်နှင့် ဖြတ်ပြီး ယနေ့ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ထန်းတပင်နှင့် နောင်ပိန်တောင်ဘက်ကို ရောက်ရှိနေကြောင်း သိရသည်။
“ထန်းတပင်ရွာ၊ နောင်ပိန်ကနေ ၁၀ မိနစ်လောက်ဘဲ ဝေးတဲ့နေရာ၊ အင်အား ၇၀၀ ကျော်ရောက်နေပြီ။ တပ်မ ၁၁ ဦးစီးတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
လက်နက်ကြီးသံကို မိုင်၂၀အကွာရှိ ပုံဝိုးကပင် ကြားရသည်ဟု ဆက်လက်ပြောဆိုသည်။
ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ ၅ ရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူတစ်ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“နောင်ပိန် ရပ်ကွက် ၅ ရှမ်းကျောင်းရှေ့ ညောင်ပင်နား တစ်လုံးကျတယ်။ ပြီးတော့ ၃၊ ၄ လုံး ဆက်တိုက်ကျတယ်။ ဂုတ်တွင်းဘက်ကနေ ပစ်ခတ်သံတွေ တမနက်လုံး ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နမ့်လန်တွင်လည်း ယမန်နေ့ကစပြီး ခရီးသွားကားများ အဝင်အထွက်ပိတ်လိုက်ပြီဖြစ်ကြောင်း၊ TNLA နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၂၀ ရက် ကူမင်းတွင် တွေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ယနေ့ပြည်တွင်း တစ်နေရာ၌ မဟာမိတ်တပ်ဖွဲ့ တာဝန်ရှိသူများ တွေဆုံနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တွင် TNLA နှင့် မဟာမိတ်များကို အရေးနိမ့်ခဲ့သည့် စစ်ကောင်စီက နောင်ချိုကို ပြန်လည်သိမ်းပိုက်ပြီးနောက် ယခုတွင် ကျောက်မဲကို ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။
#MeKongNews
#ကျောက်မဲ
#တပ်မ၁၁
#ထိုးစစ်ဆင်
#TNLA
#စစ်ကော်မရှင်
ပုံအညွှန်း – ကျောက်မဲနားတွင် ယနေ့ပျက်ကျသွားသည့် စစ်ရေးသုံး ဒရုန်းတစ်စင်း








