မဲခေါင်၊ သြဂုတ် ၁၈
ရှမ်းပြည်တောင်ပိုင်းရှိ မြို့များတွင် စစ်ကော်မရှင်က ဒေသခံတိုင်းရင်းသားပြည်သူများကို ဆင့်ခေါ်ပြီး TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ဆန္ဒပြမှု လုပ်ဆောင်ခြင်းသည် ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန်နှင့် အမုန်းပွားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု RCSS/SSA သတင်းပြန်ကြားရေးအဖွဲ့ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။
RCSS အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ် TNLA နှင့် ရှမ်းတပ် SSPP တို့၏ကြီးမားသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုခံခဲ့ရသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေးရှုသည့်အနေဖြင့် ဒေသခံများကို တစ်ကြိမ် တစ်ခါမှ ထုတ်ဖော်ဆန္ဒပြရန် တိုက်တွန်း မလုပ်ဆောင်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။
ယခု စစ်ကော်မရှင်က စီစဥ်ပြုလုပ်သည့် TNLA နှင့် MNDAA တို့ ဆန့်ကျင်ဆန္ဒပြမှုသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းလည်း ဖော်ပြပါရှိသည်။
“စစ်တပ်က ဒေသခံတွေကို လိမ်ခေါ်ပြီး လုပ်ခိုင်းတာဟာ မရိုးသားတဲ့အပြင် ရန်တိုက်ပေးတာပဲ။ သွေးခွဲတဲ့ လုပ်ရပ်ဘဲ။ ကိုယ့်ဟာကိုယ် စစ်တိုက်လို့ မနိုင်တာကို တစ်ဖက်လှည့်နဲ့ ရှမ်းဒေသခံတွေကို အသုံးချတာ။ လုပ်ဇက်ပဲ” ဟု ယခု ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ရှမ်းနိုင်ငံရေးသမားတစ်ဦးက မဲခေါင်သို့ ပြောဆိုသည်။
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ လှည့်ကွက်အတွင်းသို့ မကျရောက်မိစေရန် သတိထား ရှောင်ရှားကြရန် RCSS က တိုက်တွန်းထားကြောင်း ပါရှိသည်။
စစ်ကော်မရှင်က စီစဥ်ပြုလုပ်သည့် ဆန္ဒပြပွဲများကို ယနေ့ ဩဂုတ်လ ၁၈ ရက်တွင် မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်းမြို့များတွင် တပြိုင်နက်တည်း ပြုလုပ်နေခြင်းဖြစ်ပြီး မနက်ဖြန် ဩဂုတ်လ ၁၉ ရက်တွင် လဲချား၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်နှင့် လင်းခေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားနေကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#RCSS
#စစ်ကော်မရှင်
#ဆန္ဒပြပွဲ
#ရှမ်းပြည်တောင်ပိုင်း
#တိုင်းရင်းသား
#ထုတ်ပြန်ချက်








