မဲခေါင်၊ ဩဂုတ် ၁၇
ဗေသလဂိမ်းခုံဟု ဒေသခံများခေါ်ကြသည့် ရှမ်းပြည်အရှေ့ပိုင်း၊ တာလေမြို့မှ လောင်းကစားဂိမ်းခုံကို တာလေအခြေစိုက် ခမရ ၅၇၂ တပ်မှ ဗိုလ်ကြီးညီညီဇော်ဦးဆောင်ပြီး ဓားပြတိုက်သည့်အတွက် စကခ ၁၈ မှ စကခမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
တာချီလိတ််မြို့နယ်၊ တာလေမြို့၊ နားယောင်းအုပ်စုအတွင်း၌ ဖွင့်လှစ်ထားသည့် ဗေသလဂိမ်းခုံကို ဩဂုတ်လ ၁၄ ရက်က ဓားပြဝင်တိုက်ခြင်းဖြစ်ပြီး ဓားပြများကိုင်ဆောင်ထားသည့် သေနတ်တွင် တပ်နာမည်ပါနေသည့်အတွက် ခမရ ၅၇၂ မှ အဖွဲ့များဖြစ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း၊ ယင်းနောက်စစ်ဆေးရာ ဗိုလ်ကြီးညီညီဇော်နှင့် တာလေတံတားစောင့်သည့် တပ်သားများ ပါဝင်သည်ဟု ပေါ်ပေါက်ခြင်းဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“သေနတ်မှာ တပ်နာမည်ပါနေတော့ ချက်ချင်းသတင်းရလို့ သူတို့အထက်ကိုတိုင်ပြီး ချက်ချင်း မိုင်းဖြတ်ကတပ်မမှူး (စကခမှူး) လာတယ်ပြောတယ်။ ဓားပြတိုက်တဲ့ ဗိုလ်ကြီးက ဆေးအရမ်းသုံးတယ်။ တပ်မမှူးက အကုန်အချုပ်ထဲထည့်ပြီး စစ်နေတာ” ဟု ၎င်းကပြောသည်။
တာလေမြို့ အခြေစိုက် ခမရ ၅၇၂ မှာ မိုင်းဖြတ်မြို့နယ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခြေမြန်တပ်ရင်းဖြစ်ပြီး တာလေမြို့တံတားကိုစောင့်ရသည့် တပ်ဖြစ်ကြောင်း၊ စကခမှူး တာလေသို့ ရောက်ရှိနေပြီး စစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း တာလေဒေသခံတစ်ဦးက ပြောသည်။
“ (စကခမှူးက) ၃၁၆ တပ်ထဲမှာတည်းတယ်ပြောတယ်။ အစစ်ခံရတဲ့အထဲ အရာရှိတွေလည်းပါတယ်။ တာလေတပ်ကလူတွေက ဆေးအရမ်းသုံးတယ်။ အခုလိုဖြစ်တာ အဲဒါတွေကြောင့်လည်း ပါမယ်” ဟု ၎င်းကပြောသည်။
ဓားပြတိုက်ခံရသည့် ဗေသလဂိမ်းခုံမှာ စစ်သားများ၊ ရဲများ မူးယစ်ဆေးလာရောက်သုံးစွဲသည့် နေရာဟု ဒေသခံများအကြား နာမည်ကြီးကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့တွင် ခမရ ၃၁၆၊ ခမရ ၅၇၁ နှင့် ခမရ ၅၇၂ တို့ အခြေစိုက်ပြီး အားလုံးမှာ စကခ ၁၈ လက်အောက်ခံများဖြစ်ကြသည်။
ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ခမရ ၅၇၁ တပ်အတွင်း အသက်မပြည့်သေးသည့် စစ်တပ်မိသားစုဝင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
#MeKongNews
#တာလေမြို့
#ခမရ၅၇၁
#လောင်းကစားဂိမ်းခုံ
#ဓားပြတိုက်
#စကခ၁၈
#ဗိုလ်ကြီးညီညီဇော်








