မဲခေါင်၊ သြဂုတ် ၁၂
မိုးကြီး၍ တောင်ကျရေ ကျဆင်းလာသည့်အတွက် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ချောင်း ၃ချောင်းအနက် နမ့်ညုချောင်းနှင့် နမ့်တုံချောင်းတို့ ရေကြီးနေပြီး နမ့်ဟောင်ခယ်ချောင်းမှာမူ ပိတ်ထားသည့်အတွက် ရေပြတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့နှင့် ယနေ့ သြဂုတ်လ ၁၂ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းသည့် နမ့်ညုချောင်း၊ နမ့်တုံချောင်းများ ရေကြီးနေခြင်းဖြစ်ကြောင်း၊ ချောင်းရေတိုက်စားမှုကြောင့် မြို့မရပ်ကွက်၊ ဥယာဥ်
ဘုန်းကြီးကျောင်းပရဝဏ်နံရံများ ပြိုကျခဲ့သလို မိုင်းဖုန်းဆရာတော်ရုပ်တုများလည်း ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ကျန်ချောင်းတစ်ချောင်းဖြစ်သည့် လူလုပ် နမ့်ဟောင်ခယ်ချောင်းမှာမူ ရေကြီးမည်စိုးသည့်အတွက် ပိတ်ထားရပြီး ရေပြတ်နေကြောင်း၊ ထို့ကြောင့် ချောင်းရေကို အားထားသုံးစွဲသူများ ရေပြတ်သည့်ဒုက္ခနှင့် ကြုံရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ချောင်း ၃ ချောင်းရှိတာ နမ့်ညုနဲ့ နမ့်တုံပဲ ရေတိုးပြီး ကမ္မဌာန်းကျောင်းဘက်သွားတိုးတာ။ ဥယျာဥ်ကျောင်းဘက်တော့ ချောင်းကမ်းပြိုတယ်။ နမ့်ဟောင်ခယ်ကတော့ မတိုးဘူး။ ချောင်း(နမ့်ဟောင်ခယ်) ကြမ်းပြင်က နုံးရွှံ့တွေက ၅ပေ လောက်မြင့်နေတာ၊ ပိတ်ထားလို့ရေမလာသလို ရေလာရင်လည်း မြို့ထဲဝင်မယ်။ နုံးတွေမဖယ်ရင် မနှစ်ကလို အိမ်တွေထဲဝင် ပစ္စည်းတွေပျက်နဲ့ မြို့အနိမ့်ပိုင်း ဒုက္ခရောက်မယ်။ ရေမလာမစီးပြန်တော့လည်း မြို့က ရေမသုံးရသလို အဲဒီချောင်းရေသောက်လယ်တွေ ရေပြတ်တဲ့ဒုက္ခကြုံနေရတယ်။ ရွှံနုံးတွေကိုမှမဖယ်ရင် ရေကြီးသလို သမိုင်းဝင် လူလုပ်ချောင်းလည်း ပျက်စီးတော့မယ်”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
နမ့်ဟောင်ခယ်ချောင်းမှာ မြန်မာပြည်သို့ ကူမင်တန် တရုတ်ဖြူဝင်ရောက်ချိန်အတွင်း ၁၉၅၂ခု နှစ်တွင် မိုင်းတုံကို အခြေပြုလာသည့် တရုတ်ဖြူတပ်မ ၃နှင့်၅ မှ တပ်ဖွဲ့ဝင်များက မြို့၏ မြောက်ဖက်တွင် စီးဆင်းနေသည့် နမ့်တုံချောင်းရေကို မြို့အတွင်းသုံးစွဲနိုင်ရန် ဖောက်လုပ်ခဲ့သည့် တူးမြောင်းဖြစ်ပြီး ယင်းရေမြောင်းကို နမ့်(ရေ) ဟောင် (မြောင်း) ခယ်(တရုတ်) နမ့်ဟောင်ခယ်ချောင်းဟု ဒေသခံများက ခေါ်တွင်ကြခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် NLD စြိုးရလက်ထက်တွင် ယင်းနမ့်ဟောင်ခယ်ချောင်းကို ချောင်းကြမ်းပြင်အနက် တူးဖော်ခြင်း ချောင်းနံရံများကို အင်္ဂတေဖြင့် အခိုင်အမာပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွှံ့နုံးများ ချောင်းကြမ်းပြင်ကို ဖုံးအုပ်နေလျက်ရှိနေပြီး ရေအနည်းငယ်တိုးယုံဖြင့် ရေကြီးရေလျှံဖြစ်ပေါ်ကာ မြို့ကို ရေဘေးကြုံစေသည့်အတွက် ပိတ်ထားရသည်။
မိုင်းတုံနယ်အတွင်း သစ်တောများပြုန်းခြင်း၊ ရွှေနှင့်သတ္တုများ စနစ်တကျမဟုတ်ဘဲ တရားမဝင်တူးဖော်ခြင်းတို့ကြောင့် မိုးရေကို မထိန်းနိုင်သလို မိုးများပါက သတ္တုစွန့်ပစ်မြေများ၊ တောင်ကမ္ဘားယံများ ရေနှင့်တိုက်စားမျောပါပြီး ချောင်းများ၊ လယ်ကွင်းများကို ဖုံးလွှမ်းပျက်စီးစေကာ လမ်းတံတားများပျက်စီး ဆုံးရှုံးလျက်ရှိကြောင်းသိရသည်။
ယမန်နှစ် စက်တင်ဘာလ ဆိုးရွားသည့်ရေဘေးနှင့် ကြုံတွေရပြီး လယ်များ ရေဖုံးလွှမ်း၍ လူတစ်ဦး အိမ်အလုံးလိုက်မျောပါ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ပုံ – ဒေသခံ
#MeKongNews
#မိုင်းတုံ
#ရေကြီးရေလျှံ
#နမ့်ဟောင်ခယ်ချောင်း
#နမ့်တုံချောင်း
#နမ့်ညုချောင်း








