မဲခေါင်၊ ဩဂုတ် ၁၂
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ် ၄၀ ရာခိုင်နှုန်းသည် စီးပွားရေးကျဆင်းမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် ပြည်ပသို့ ထွက်ခွာလိုကြပြီး ပညာတက်လူငယ်များနှင့် ကျွမ်းကျင်ပညာရှင်များက အများစုဖြစ်နေကြောင်း UNDP ၏ မြန်မာလူငယ်များ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
A generation on the move: Youth Migration and Perceptions in Myanmar အစီရင်ခံစာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စစ်တမ်းကို နိုင်ငံတဝှမ်းရှိ လူငယ် ၇၀၀၀ ကို မေးမြန်းထားခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။
စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူငယ် ၁၀ ဦးလျှင် ၄ ဦးသည် ပြည်ပကို ထွက်ခွာရန် စဉ်းစားနေကြပြီး ရှမ်းပြည်တွင် လူငယ် ၃ ဦးလျှင် တစ်ဦးမှာ ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကြုံတွေ့နေရသည့် အခြေအနေများမှ လွှက်မြောက်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ လူငယ် ၃ သိန်းမှ ၅ သိန်းကြားသည် ပြည်ပကို ရွှေ့ပြောင်းအခြေချခဲ့ပြီ ဖြစ်ပြီး ကျွှမ်းကျင်ပညာရှင်နှင့် ပညာတက်လူငယ်များသည် တိုင်းပြည်မှ ထွက်ခွာရန် အလားအလာပိုများပြီး စီးပွားရေးပြန်လည်ဦးမော့လာမှု နှင့် တည်ငြိမ်မှုကို သိသိသာသာထိခိုက်စေနိုင်သည့် ဦးနှောက်ယိုစီးမှု ဖြစ်လာနေသည်ဟု UNDP က ဆိုသည်။
စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းသည် ပြည်ပကို ထွက်ခွာရန် စဉ်းစားနေကြသော်လည်း တခြားလူငယ် ၄၅ ရာခိုင်နှုန်းခန့်သည် လာမည့် ၅ နှစ်တာကာလအတွင်း ပိုမိုကောင်းမွန်လာမည်ဟု မျော်လင့်နေကြပြီး မြန်မာပြည်တွင် ဆက်နေရန် အကောင်းမြင်နေသည် ဟု ဆိုထားသည်။
မြန်မာနိုင်ငံမှ လူငယ်များ ပြည်ပကို ထွက်ခွာမှုသည် ဘေးကင်းရေး၊ ပညာရေး နှင့် ငွေကြေးပိုင်းဆိုင်ရာအတွက် လမ်းကြောင်းတခု ဖြစ်နေပြီး ထူးခြားချက်အနေနှင့် ပြည်ပကို ထွက်ခွာရန် စဉ်းစားနေသော လူငယ် ၉၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ ကောင်းမွန်လာပါက မွေးရပ်မြေနှင့် နေရပ်ကို ပြန်လာလိုကြသည် ဟု စစ်တမ်းက ဆိုထားသည်။
စစ်တမ်းအရ ရှမ်းပြည်မှ လူငယ် ၃၆ ရာခိုင်နှုန်း၊ ကချင်ပြည်မှ ၃၆ ဒသမ ၁ ရာခိုင်နှုန်း၊ ကရင်ပြည်မှ ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှ ၃၁ ဒသမ ၃ ရာခိုင်နှုန်းသော လူငယ်များက ပြည်ပကို ထွက်ခွာလိုပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလိုကြသည်ဟု စစ်တမ်းက ဆိုသည်။
ဒေသအလိုက် လူငယ်များ ပြည်ပကို ထွက်ခွာလိုသူ အများဆုံးမှာ ရခိုင်ပြည်မှ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကာ တနင်္သာရီ၊ မန္တလေး နှင့် စစ်ကိုင်းတို့မှ လူငယ်များသည် ပြည်ပထွက်ခွာရန် စဉ်းစားမှု အနည်းဆုံးဖြစ်ကာ ၃၁ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းသာရှိသည်။
ရန်ကုန်သို့ ရွှေ့ပြောင်းလိုသော လူငယ်အများဆုံးရှိရာ ဒေသသည် ချင်းပြည် ဖြစ်ပြီး ၅၀ရာခိုင်နှုန်း ရှိနေသည် ဟု စစ်တမ်းက ဆိုသည်။
ရှမ်းပြည်မှ လူငယ်အများစုသည် အလုပ်အကိုင်အခွင့်အလမ်းကြောင့် ပြည်ပကို ထွက်ခွာရန် ပြင်ဆင်နေကြခြင်း ဖြစ်ပြီး လူ့အခွင့်အရေး နှိမ့်ကျမှု နှင့် မလုံခြုံမှုတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြခြင်း ဖြစ်သည်။
ဖေသန်း
#MeKongNews
#UNDP
#Youth
#လူငယ်များ
#ပြည်ပထွက်ခွာ
#ရှမ်းပြည်
#မြန်မာနိုင်ငံ
#နိုင်ငံရေး
#လူ့အခွင့်အရေး








