မဲခေါင်၊ ဩဂုတ် ၇
“ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ – ၂ပန်ဆန်းသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် မကြာသေးမီက အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာထားသည့် အထူးဒေသ – ၄ မိုင်းလားသို့ ယနေ့သွားရောက်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် ပန်ဆန်းမြို့တွင် “ဝ” ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ စစ်တပ် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန့်ရှူဝင်း၊ ရှမ်းပြည်အစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းအရှေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလိုင်၊ လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရှန်ဝင်း၊ ရှမ်းပြည် အရှေ့ပိုင်း အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်ရဲတပ်ဖွဲ့မှူး ဦးနေမိုးထွန်းတို့ တက်ရောက်ကြောင်း၊ ပန်ဆန်းဆွေးနွေးပွဲပြီးနောက် မိုင်းလား အထူးဒေသ – ၄သို့ ဆက်လက်ထွက်ခွာကြောင်း Wa News Land က ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီက အရေးပေါ်အခြေအနေ ကြေညာညသည့် မြို့နယ် ၆၃ မြို့နယ်ကို ကြေညာရာ အထူးဒေသ – ၄ မိုင်းလားကိုလည်း ထည့်သွင်းကြေညာထားရာ အများက အံဩခဲ့ရသည်။
ယင်းသို့ကြေညာပြီးမကြာမီပင် မိုင်းလားမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး အထူးသဖြင့် စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်းရုံးရေးဆင်းခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
သို့သော် “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ – ၂နှင့် မိုင်းလားအုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်သည့် အထူးဒေသ – ၄ တို့တွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲအားလုံး ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။
၂၀၂၅ နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် စစ်ကောင်စီရွေးကောက်ပွဲမှာ ရှမ်းပြည် အရှေ့ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းကို ဗဟိုပြုဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ပုံအညွှန်း – ပန်ဆန်းမြို့တွင် “ဝ” ခေါင်းဆောင်များနှင့် စစ်တပ်ကိုယ်စားလှယ်များ တွေ့ဆုံစဉ်
Photo – WSTV
#MeKongNews
#အထူးဒေသ၄
#အထူးဒေသ၂
#မိုင်းလား
#ပန်ဆန်း
#ရွေးကောက်ပွဲ
#အာဏာသိမ်းစစ်တပ်








