မဲခေါင်၊ ဩဂုတ် ၇
ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး DPLF/DPLA သည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ၃ နှစ်ပြည့် မြောက်သွားပြီ ဖြစ်ကာ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်အာဏာရှင်တိုက်ထုတ်ရေးအတွက် လက်တွဲ တိုက်ပွဲဆက်ဝင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး – DPLA ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အခြားမဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင်ကို အတူတကွ ပူးပေါင်းတိုက်ထုတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများ နှင့် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ရဲဘော်များကို အလေးနီပြု ဦးညွက်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။
နောင်လာမည့် စစ်အာဏာရှင်တိုက်ထုတ်ရေး တိုက်ပွဲများတွင်လည်း ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး DPLF/DPLAသည် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ အာဏာရှင်တိုက်ထုတ်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည်လည်း လွန်စွာ အရေးကြီး၍ အဘက်ဘက်မှ ပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။
“ရဲဘော်ရဲဘက်များ၊ ထောက်ပို့များ၊ အများပြည်သူများ၊ မဟာမိတ်များနဲ့အတူ ဆက်လက်ပြီး လက်တွေ့ကျကျ ခရီးဆုံးထိ ဆက်လျှောက်သွားပါမည်” ဟု ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး DPLF/DPLAကို ဦးဆောင်သူ ကိုကိုထွန်းနိုင်က ရေးသားဖော်ပြထားသည်။
ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး DPLF/DPLA သည် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တွင်တွင် အခြေစိုက်လှုပ်ရှားနေပြီး တအောင်း တပ်ဖွဲ့ PSLF/TNLA အဖွဲ့နှင့်အတူ ရှမ်းပြည်မြောက်ပိုင်း နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။
ဓနုပြည်သူ့လွှက်မြောက်ရေးတပ်ဦး DPLF/DPLA သည် စစ်သင်တန်းအမှတ်စဉ် ၆ ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဖေသန်း
#MeKongNews
#DPLA
#ဓနုတော်လှန်ရေး
#ရှမ်းတောင်
#DPLA








