မဲခေါင်၊ ဇူလိုင်၂၆
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် ယနေ့နံနက်ပိုင်းက မြို့ပြင်လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားနား၌ အမျိုးသမီးတစ်ဦး ဓားနှင့်ခုတ်ပြီး လုယက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ပြင် မြောက်ဘက် ၁၀၅ မိုင်ဘက်အဝင် လွိုင်တိန်ခမ်း တောင်အပါ်ဘုရားလမ်းတွင် အမျိုး သမီးတစ်ဦးမှာ ဓားဒဏ်ရာပေါင်းများစွာ ရရှိထားသည်ကို အနီးအနားရှိသူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“အပေါ်က သူလျှောက်လာတာ၊ မူဆယ်တောင် ဘုရားကျောင်း ငွေလဲရာကနေ အပြန်လို့ပြောတယ် ယွမ် ၃၀၀၀၀ နဲ့ ဖုန်း၊ လက်ဝတ်လက်စားတွေပါ သွားတယ်ပြောတယ်။ ဓားနဲ့ခုတ်ခံရတာ၊ လက်တွေနဲ့ကာလို့ ၈ချက်ချက်လောက်ရှိမယ်” ဟု တွေ့မြင်သူတစ်ဦးက ပြောသည်။
လုယက်မှုဖြစ်ပွားသည့် လမ်းအပေါ်ဘက် ရပ်တော်မူဘုရားတွင် စစ်ကောင်စီတပ်စခန်းရှိပြီး လုယက်သွားသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိကြရပေ။
ယင်းဓားခုတ်ခံရသူအမျိုးသမီးမှာ အသက် ၄၀ ခန့် ရှိပြီး ၎င်း၏ယောက်ျားဖြစ်သူမှာ တောင်ပေါ်ဘုရားမှ အလှူငွေ ကောက်ခံသူလည်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့တွင် နေ့စဥ်နီးပါး လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုများဖြစ်ပွားနေရာ ယမန်နေ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းတွင် ကောင်းမှုလွယ်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က အမျိုးသား ၃ ဦးက ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ပြန်ပေးဆွဲသွားမှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများကပြောသည်။
ဇူလိုင် ၂၄ ရက်တွင်လည်း မူဆယ်မြို့ ဟူမွန်ရပ်ကွက်၊ ပီတိလက်ဖက်ရည်ဆိုင်ရှေ့တွင် ကျည်ကာဝတ်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၂ ဦး သေဆုံးသွားသည်။
မဟာ
#MeKongNews
#မူဆယ်မြို့
#လုယက်မှု
#လွိုင်တိန်ခမ်း
#စစ်ကောင်စီ








