မဲခေါင်၊ ဇူလိုင် ၂၄
တရားမဝင်ကုန်စည် အကြောင်းပြချက်ဖြင့် တာချီလိတ်နှင့် မိုင်းလားဘက်မှ သယ်ဆောင်လာသည့် ကုန်ကားအချို့ကို ဟိုပုံးမြို့တွင် ဧပြီလက စစ်တပ်က ဖမ်းဆီးထားခဲ့ရာ ၃လကျော် ကြာမြင့်သည်အထိ ပြန်မလွှတ်သေးကြောင်း ယာဉ်မောင်းများက ပြောသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကုန်စည်များကို စစ်ဆေးရန် အကြောင်းပြချက်ဖြင့် ရှမ်းအရှေ့မှ လာသည့် ကုန်တင်ယာဉ်များကို ဖမ်းဆီးထားခြင်း ဖြစ်သည်။
“ဖမ်းထားတာက ဂျူတီကုန် (အခွန်ဆောင်ထားသည့်ကုန်) တွေပါပဲ။ ကားတွေက ၄လလောက် ကြာနေပြီ။ စစ်တပ်က ဘာဖြစ်လို့ မလွတ်သေးတာလည်း ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ ကားဆရာတွေ၊ ကားအုံနာတွေအတွက် အရမ်းနစ်နာသလို တချို့ကုန်တွေဆိုရင် Date ကုန်လို့ ကုန်သည်တွေက မယူတော့ဘူး လို့တောင် ပြောနေပြီ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် ဟိုပုံးတပ်နယ်အတွင်း ကုန်ကားများကို သိမ်းဆည်းထားသည်မှာ ၃လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း မည်သည့် အကြောင်းရင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရကြောင်း၊ ဖမ်းဆီးခံထားရသည့် ကုန်ကားအစီးရေ ၈၀ ခန့်ရှိပြီး စစ်တပ်ဝန်းအတွင်း ဖမ်းဆီးထား၍ မည်သူကမျှ ပြောဆိုရဲခြင်း မရှိကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ယင်းကုန်တင်ယာဉ်များကို ဖမ်းဆီး စစ်ဆေးပြီးနောက် ရှမ်းအရှေ့ တာချီလိတ်မှ ကုန်များကို သယ်ဆောင်ရန် စိုးရိမ်ကြသည့်အတွက် ကုန်စည်ပို့ဆောင်ရေး ရပ်နားလုနီးပါး ဖြစ်နေကြောင်းဟု တာချီလိတ်အခြေစိုက် ကုန်သည်များထံမှ သိရသည်။
ဖမ်းဆီးထားသည့် ကုန်တင်ယာဉ်များ၏ အခြေအနေနှင့် ပါက်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့အချိန်ထိ မသိရှိရသေးသလို မည်သို့လုပ်ဆောင်နေသည်ကိုလည်း မသိရသည့်အတွက် ကုန်တင်ယာဉ်ပိုင်ရှင်အများစုမှာ အခက်အခဲတွေ့နေကြောင်း သိရသည်။
ဖေသန်း
#MeKongNews
#ဟိုပုန်း
#ကုန်တင်ယာဉ်
#ရှမ်းပြည်တောင်ပိုင်း
#တရားမဝင်ကုန်စည်








