မဲခေါင်၊ ဇွန် ၂၃
တောလမ်းမှတစ်ဆင့် တရုတ်သို့တင်ပို့ရန်အတွက် ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့တွင် သစ်ကုန်သည်တစ်ဦးမှ တရားမဝင်သစ်စုပုံကွင်းပြုလုပ်၍ သစ်ခိုးထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ် – မိုင်းနောင်မှတဆင့် ကျေးသီးကိုဖြတ်၍ တောလမ်းမှတဆင့် တရုတ်သို့တင်ပို့နေဖြစ်ကြောင်း၊ ခိုလမ်မြို့၊ ဝမ်ဖီးရပ်ကွက် ၆၊ အိမ်အမှတ် ၃၇၇ နေ အိုက်ပီး ခေါ် တင်ဇော်နိုင်မှ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းအနီး ၅ ဖာလုံခန့်အကွာရှိ သစ်ကွင်းနှင့် နမ့်ဟူးသဲတောင် အနီးတို့၌ အစိုးရသစ်ကွင်းပုံစံပြုလုပ်၍ ကျိုင်းတောင်းမြို့နယ်နှင့် မိုင်းပန်မြို့နယ်များမှ တရားမဝင် ထွက်ရှိသည့် ကျွန်း၊ ပိတောက်နှင် တမလန်း သစ်များအား သယ်ယူစုပုံထားရှိပြီး သယ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ခိုလမ်စစ်တိုင်းက လူကြီးတွေနဲ့ ပိုင်တော့ ခိုလမ်မြို့ ဖြတ်ပြီး ကတ္တရာလမ်းအတိုင်း စစ်တပ်ဂိတ်တွေပါ ဖြတ်သွားပါတယ်။ သစ်တောက ပြည်နယ်၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေကို ငွေသိန်းထောင်ချီ လာဘ်ပေးထားတော့ ဘယ်သူကမှ မဖမ်းဘူး။ ဒေသခံတွေကိုလည်း တိုင်ရင် ဖမ်းဆီး ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
သစ်များကို ၁၀ ဘီး၊ ၁၂ ဘီး၊ တရုတ်မော်တော် ယာဉ်အကြီးများဖြင့် ကျိုင်းတောင်းမြို့ အဝင်ရှိ သစ်ကွင်းနှင့် နမ့်ဟူးသဲတောင်သစ်ကွင်းတို့မှ ကျိုင်းတောင်း – ခိုလမ်မြို့ – ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ – မိုင်းနောင်မြို့- ဝမ်ဟိုင်းကျေးရွာဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ညပိုင်းအချိန်များ၌ သယ်ဆောင်ပြီး ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာမှတဆင့် တောလမ်းအတိုင်း တရုတ်နိုင်ငံသို့ တရားမဝင် သယ်ယူပို့ဆောင်နေကြောင်း၊ တရားမဝင်သစ်ကားများကြောင့် ကျေးရွာချင်းဆက် လမ်းများလည်း ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။
ယင်းသစ်ကားများအား ကျိုင်းတောင်းမြို့၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးထိန်ဝင်းနှင့် အခြားဌာနဆိုင်ရာများ၊ ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ဦးစီးဦးရာဇာထွန်း၊ တောအုပ် ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာများ၊ မိုင်းနောင်မြို့ သစ်တောဦးစီးဌာန တောအုပ် ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာများ အပါအဝင် စစ်ဆေးရေးဂိတ်များကို အသီးသီး ညှိနှိုင်းကာ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်နှုန်းဖြင့် ၅ စီးမှ ၁၅ စီးအတွင်း သယ်သူပို့ဆောင်နေသည်ဟု ပြောသည်။
“မိုင်းပန်က သစ်တွေကို လင်းခေးဗျူဟာက နမ့်စန်ခိုလမ်က တက်တယ်။ ကျိုင်းတောင်းက ခိုလမ် – ကျေးသီး – မိုင်းနောင်ကတက်တယ်။ အဓိကတော့ ခိုလမ်စစ်တိုင်းပါဘဲ။ ဆိုးတာက သစ်ခုတ်သမားတွေကို ယာမကျွေးပြီး ညလုံးပေါက် ခုတ်၊ လွှစင်တင်တာတွေလုပ်တာ၊ ပြီးတော့ သစ်အနုပါမချန်ဘဲ အကုန်ထုတ်တာ” ဟု မိုင်းပန်ဒေသခံတစ်ဦးက ပြောသည်။
တိုင်ကြားချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်ဆေးရေးလာရောက်သော်လည်း ကြိုတင်ပြောကြားချက်ရရှိသည့် ကျိုင်းတောင်းမြို့၊ သစ်တောဦးစီးဌာန တောအုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတို့မှ နေရာပြောင်းရွှေ့ထားကာ သစ်ကားများမရှိချိန်မှသာ လာရောက်စစ်ဆေးသဖြင့် ဖမ်းဆီးခံရခြင်းမရှိကြောင်းလည်း သိရသည်။
သစ်ကုန်သည် အိုက်ပီး ခေါ် တင်ဇော်နိုင် မှ သစ်မျိုးစုံ တရားမဝင် သယ်ယူပို့ဆောင်နေပြီး ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ ဌာနများသို့ တိုင်ကြားနိုင်ကြောင်း၊ ၎င်း၏ သစ်ကွင်းများအား နှစ်စဉ် နှစ်တိုင်း တိုင်ကြားခံရသော်လည်း သက်ဆိုင်ရာ စစ်တပ်နှင့်ဌာနဆိုင်ရာများမှ ပေါင်းစားနေသည့်အတွက် မည်သူ့ကိုမျှ ဂရုမစိုက်ဟု ပြောကြားနေကြောင်း သိရသည်။
ယင်းသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စကခ ၁၇ နယ်မြေများဖြစ်သည့် မိုင်းပန်၊ ကျိုင်းတောင်းမှ သစ်တောများမှ တရားမဝင်ခုတ်ယူသယ်ဆောင်နေမှုများကို စစ်ကောင်စီ၏ ရှမ်းပြည်ဝန်ကြီးချုပ်၊ ရဲမင်းကြီးမှသည် နေပြည်တော်အထိ သိရှိသော်လည်း အရေးယူခြင်းမရှိသည့်အတွက် နိုင်ငံ၏သယံဇာတများ ပျက်စီးဆုံးရှုံးနေရသည်ကို ပြည်သူများ က ထောက်ပြပြောဆိုနေခြင်း ဖြစ်သည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO ၏ စာရင်းဇယားများအရ ၁၉၉၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သစ်တောဧရိယာ ရာခိုင်နှုန်း ပြောင်းလဲမှုမှာနှစ်သုံးဆယ်အတွင်း မြန်မာ့သစ်တောပြုန်းတီးမှု ကမ္ဘာ့အဆင့် ၆ တွင်ရှိနေသည်ဟု သိရသည်။
ရှမ်းပြည်တစ်ခုလုံး မြေအကျယ်ဧရိယာဧက ၃၈ သန်းကျော်တွင်မူ သစ်တောဖုံးလွှမ်းမှုသည် ဧက ၉ သန်းကျော်(၂၃ ရာခိုင်နှုန်းကျော်) သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
#MeKongNews
#တရားမဝင်သစ်
#သစ်ခိုးထုတ်
#ကျိုင်းတောင်း
#ခိုလမ်
#မိုင်းပန်








