မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေထောင်မှ အကျဥ်းသား ၆၀၀ ကျော် မကြာမီအတွင်း အခြားထောင်များသို့ ပြောင်းရွှေ့ရန်ရှိကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ညောင်ရွှေအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၆၀၀နီးပါး အပါအဝင် အကျဥ်းသား၊ အကျဥ်းသူ ၄ထောင်ကျော်ရှိရာ ယင်းအထဲမှ ၆၀၀ကျော်ကို အခြားထောင်များသို့ပြောင်းရွှေ့ရန်ရှိနေသည်ဟု ထောင်ဝန်ထမ်းပိုင်းနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို အတည်ပြုပြောဆိုသည်။
“ဒါက အာဏာသိမ်းပြီးနောက်ပိုင်း အစုအပြုံလိုက်ပြောင်းတာ ပထမဆုံးအကြိမ်ပဲ။ ဟိုတုန်းကတော့ ဒိုက်ဦးထောင်ကိုပို့တယ်။ အခုက မိထ္တီလာနဲ့မန္တလေး အများဆုံးဖြစ်မယ်” ဟု ၎င်းက ပြောသည်။
ယခင် NLD ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို သာယာဝတီ နှင့် တောင်ငူထောင်များသို့ တစ်ဦးချင်းပြောင်းရွှေ့ခြင်းခဲ့များရှိသော်လည်း ယခုလို ရာချီပြောင်းရွှေ့မှုများမရှိဟု ဆိုသည်။
အကျဥ်းသားလောကတွင် ထောင်ပြောင်းကို ကြောက်ကြရပြီး ထောင်ဘက်ကလည်း ယင်းသတင်းမျိုးကို အုတ်ရိုးသတင်း၊ ဟန်းကောသတင်းအဖြစ် ထောင်မပြောင်းချင်သူများထံမှ ငွေညှစ်ယူသည့် ကိစ္စအဖြစ် တည်ရှိသည်။
စစ်အစိုးရအဆက်ဆက်နှင့် ယခု စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေးအကျဥ်းသားများကို မိသားစုနှင့်ဝေးရာထောင်များသို့ ထောင်ပြောင်းချုပ်နှောင်ခြင်းသည် လူသားချင်းစာနာမှုမရှိသည့် ပုံမှန်လုပ်ရပ်အဖြစ်ကျူးလွန်နေကြကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။
“ထောင်ပြောင်းခံရပြီး မိသားစုနဲ့အဝေးမှာ ကျဆုံးခဲ့ရတဲ့ နိုင်ကျဥ်းတွေ အများကြီးရှိတယ်။ အပူပိုင်းက အအေးပိုင်း၊ မြင်းခြံကနေ အဝေးဆုံးပူတာအိုပို့တာမျိုးပေါ့။ လွတ်နီးတွေလည်းပြောမရဘူး။ အခုက လွိုင်ကော်နဲ့ လားရှိူးတောင်ပြန်ပို့နိုင်တယ်။ သူတို့လုပ်ချင်သလို လုပ်နေတာဆိုတော့လေ” ဟု ၎င်းကပြောသည်။
မြန်မာ့အကျဉ်းထောင်သက်သေ(Myanmar Prisin Witness-MPW)၏ စောင့်ကြည့်မှုမှတ်တမ်းများအရ အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းစည်းလုံးညီညွတ်နေမှုကို ပြိုကွဲစေရန်၊ မိသားစုဝင်များနှင့် အဆက်သွယ်ရရှိမှု ခက်ခဲစေရန်၊ နောက်ဆက်တွဲ စိတ်ဓါတ်ကျဆင်းစေရန်၊ ထောင်တွင်းလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန်နှင့် အကျဉ်းထောင်ဝန်ထမ်းများ၏ အဂတိလိုက်စားမှုများကို ဖုံးကွယ်ရန်အတွက် နှစ်စဉ်အကျဉ်းသားဦးရေ ၁၅၀၀မှ ၃၅၀၀ ကြားရှိ အကျဉ်းသားအရေအတွက်ကို မိသားစုနှင့် ဝေးကွာသည့်ထောင်များသို့ နှစ်စဉ်ပြောင်းရွှေ့မှုများကို စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည် ပြီးခဲ့သည့် ဇူလိုင်၈ရက် ထုတ်ပြန်ချက်တွင်ပါရှိသည်။
၂၀၂၃ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၈၈၃ဦး ထောင်ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၂၄ခုနှစ်တွင်ထောင်ပြောင်းရွှေ့မှုအရေအတွက်သည် ၃၀၅၄ဦးအထိရှိခဲ့ပြီး အဆိုပါပြောင်းရွှေ့မှုထဲတွင် နိုင်ငံရေးအကျဉ်း သား ၁၈၉၃ဦးပါဝင်ခဲ့ပြီး ယခု ၂၀၂၅ခုနှစ် ပထမခြောက်လအတွင်း ထောင်ပြောင်းရွှေ့မှုအရေအ တွက်သည် ၉၅၀ဦးအထိ ရှိသည်ဟု MPW ၏စာ ရင်းအရ သိရသည်။
မဟာ
#MeKongNews
#ညောင်ရွှေထောင်
#တောင်လေးလုံးထောင်
#ထောင်ပြောင်း
#ရှမ်းပြည်
#နိုင်ငံရေးအကျဉ်းသား








