မဲခေါင်၊ ဇူလိုင် ၅
ရှမ်းတောင် နှင့် ကရင်နီရှိ တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ပါယ်ချလိုက်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမည် ဟု သက်ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူတို့က ပြောကြားသည်။
စစ်ကောင်စီသည် NUG၊ CRPH တို့နှင့် သွေးခွဲကာ PDF တပ်ဖွဲ့များအနေနှင့် ဘက်ပြောင်းပူးပေါင်းရန် ကမ်းလှမ်းသည့် စာကို ဇူလိုင်လ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။ ဘယ်သူမှ အလင်းဝင်မှာ မဟုက်ဘူး။ တရားဝင် ထုတ်ပြန်ပြန်၊ တရားမဝင် ထုတ်ပြန်ပြန် ပေါ့နော်။ ကျွန်တော်တို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ခံယူချက်နဲ့ ဒီတော်လှန်ရေး လက်နက်ကိုင်လမ်းစဉ်ကို ရွှေးချယ်တာ။အာဏာရှင်စနစ်ကို မကြိုက်တာက အရေးကြီးဆုံး အချက်ပေါ့။ အာဏာရှင်စနစ်က အမိမြေပေါ်မှာ ရှိနေသရွှေ့ ဘယ်တော့မှ ကိုယ့်ရပိုင်ခွင့်တွေ၊ ကိုယ့်လွက်လပ်ပိုင်ခွင့်တွေ ရနေမှာ ဘာတစ်ခုမှ မဟုက်ဘူး။ စနစ်ဆိုးကြီးအောက်မှာ၊ ထိန်းချုပ်မှုအောက်မှာ၊ အာဏာရှင်အောက်မှာဘဲ၊ လက်နက််ကိုင်အောက်မှဘဲ ဆက်ရှိနေမှာ။ ဒါကို ကျွန်တော်တို့ မလိုလားဘူး။ အဆုံးထိ တိုက်ပွဲ ဝင်သွားမယ်” ဟု လွိုင်ကော် Local PDF ပြောရေးဆိုခွင့် ရှိသူ ကိုလင်းလင်းက ဆိုသည်။
စစ်ကောင်စီ၏ ဘက်ပြောင်းရန် ကမ်းလှမ်းချက်များသည် ယခုအကြိမ်သာမကပဲ ယခင်ကတည်းက ရှိနေပြီး အလင်းဝင်ရန် ဖိတ်ခေါ်မှုတွေ ရှိနေကြောင်း၊ ခေတ်အဆက်ဆက် လူထုကို အစွမ်းကုန် ယုတ်မာပြီး တော်လှန်သူများကို အလင်းဝင်ရန်၊ ဆွေးနွေးရန် အကြပ်ကိုင်လေ့ ရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူထဲက ပြည်သူ ဖြစ်ပြီး နွေဦးတော်လှန်ရေးသည် ဖိနှိပ်ရက်စက်ခံရမှု၊ စစ်အစိုးရ၏ ခေတ်အဆက်ဆက် ယုတ်မာမှုကို ခံလာရ၍ အာဏာရှင်စနစ်မပပျောက်သေးသရွှေ့ နိုင်ငံအတွက် ကောင်းမွန်သည့် အရွှေ့ ဖြစ်လာမည် မဟုက်ကြောင်း ပြည်သူများက သိရှိကြသည်၊ လက်ခံထားကြသည် ဟု KPLA B262မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီစနစ် ပပျောက်သွားဖို့ နည်းလမ်းမျိုးစုံနဲ့ ရှေ့ဆက်သွားရမှာပဲလို့ ခံယူထားတယ်။ဒီလို ငြိမ်းချမ်းရေး စကားမျိုး ပြောတာ၊ ရွှေးကောက်ပွဲဆိုတာက သူ့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားပုံ ရတယ်။ဒါပေမယ့် သူမှ မဟုက်ဘူး။ ဘယ်သူပဲ ဖြစ်နေ ဖြစ်နေ၊ ဒီစနစ်ကို ကိုင်စွဲနေသမျှတော့ တော်လှန်နေရမှာပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အာဏာရှင်စနစ် ကျဆုံးရေးဆိုသည့် ဦးတည်ချက် တစ်ခုတည်း အောက်တွင်သာ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ရမည် ဖြစ်ကာ စစ်အာဏာရှင်၏ ဖိတ်ခေါ်မှုနှင့် သွေးခွဲမှုများကို ပြည်သူတွေ သတိချပ်ပြီး NUG-CRPH-PDF တို့၏ ညီညွတ်သောဦးတည်ချက်ကို သာထောက်ခံရန်၊ အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရန် ညီညွတ်စွာအတူတကွဆက်လက်တိုက်ပွဲဝင်ကြရန် လိုကြောင်း အင်းလေးလူထုအဖွဲ့က ပြောဆိုထားသည်။
စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်သည် ရွှေးကောက်ပွဲကို သတ်မှတ်ထားပုံ ရပြီး တားဆီးရန်မှာ ၎င်းတို့ ထိန်းချုပ်ထားနိုင်သေးသည့် မြို့ပြများ၊ တိုင်းဒေသကြီးတချို့တွင် တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်ကြောင်းလည်းလွိုင်ကော် Local PDF အဖွဲ့ တာဝန်ရှိသူက တိုက်တွန်းထားသည်။
NUG အစိုးရကလည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ပြုလုပ်မည် ဖြစ်သည့် ရွှေးကောက်ပွဲသည် တရားမဝင် အတုအယောင်သာ ဖြစ်ပြီး ရွှေးကောက်ပွဲကျင်းပရန် တရားဝင် အခွင့်အဏာမရှိ ဟု ထုတ်ပြန်ထားသည်။
လက်ရှိကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နိုင်ငံမြေပုံ၏ ထက်ဝတ်နီးပါးကို ထိန်းချုပ်ထားပြီး ဖြစ်သည်ကို ထုတ်ပြန်ချက်များအရ သိရသည်။
လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန် ကြိုးစားမှုသည် နှစ်ပေါင်း ၇၀ ကြာသည့်အထိ မည်သည့်ရလာဒ်မှ ထွက်မလာခဲ့ဟုပင် ပြောဆိုထားပြီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနှင့် စစ်ကောင်စီဘက်သို့ ဘက်ပြောင်းကူးလာကြရန် ဖိတ်ခေါ်သည်ဟု ပါရှိနေသည်။
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအနေနှင့် စစ်ကောင်စီ၊ စစ်တပ်တို့နှင့် လက်တွဲ၍ နိုင်ငံအကျိုးကို ဖော်ဆောင်လိုပါက လက်ခံမည် ဖြစ်ကြောင်း၊ ဆန္ဒရှိပါက နီးစပ်ရာ တပ်စခန်း၊ အာဏာပိုင်များထံ ဆက်သွယ်ညိနှိုင်းဆောင်ရွှက်နိုင်သည် ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသည်။
NUG အစိုးရအနေနှင့် မကြာမှီကာလအတွင်း အထွေထွေထိုးစစ်ကြီး စတင်မည် ဟု ကြေညာထားပြီး တရားမဝင် ရွှေးကောက်ပွဲကို အသိအမှတ် မပြုဟုလည်း ထုတ်ပြန်နေချိန်တွင် PDF များအနေနှင့် ဘက်ပြောင်းလာရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချို ဒေသနှင့် ရှမ်တောင်၊ ဖယ်ခုံ နှင့် ကရင်နီ နယ်စပ် မိုးဗြဲတို့ကို တန်ပြန်ထိုးစစ်ဆင်နေသော်လည်း ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု နှင့် နယ်မြေချဲထွင် သိမ်းယူလာမှုကို ခုခံနေရသည်။
မဟာ၊ ဖေသန်း
#MeKongNews
#စစ်ကောင်စီ
#အလင်းဝင်
#ရှမ်းတောင်
#အာဏာရှင်စနစ်









