မဲခေါင်၊ ဇူလိုင် ၃
ကရင်နီ၊ ဖားဆောင်းမြို့ရှိ တပ်ရင်းတစ်ခုကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်နေစဉ် ဖယ်ခုံမြို့ နေရာအများအပြားကို စစ်ကောင်စီက ပြန်လည်သိမ်းယူထားကြောင်း ရှမ်းတောင်-(ကယား)-ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ ၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရှမ်းတောင်-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးအင်အားစုများက အတည်ပြုထားခဲ့ကြသည်။
စစ်ကောင်စီသည် အင်အား အဆမတန် ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် မိုးဗြဲမြို့အတွင်းရှိ နေရာအများစုကို ရရှိသွားသည့်အတွက် အဓိက လမ်းမကြီးကို အရပ်သားပြည်သူများ လုံးဝ ဖြတ်သန်းခြင်း မပြုရန် နှင့် မိုးဗြဲမြို့အနီးရှိ ကျေးရွာလူထုများအနေနှင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်မှု အထူးသတိပြုကြရန် ရှမ်းတောင်-(ကယား)ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားခဲ့သည်။
ကရင်နီဒေသရှိ ဖားဆောင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ အမှတ် ၁၃၄ ခြေလျင်တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။
စစ်ကောင်စီ ထုတ်ပြန်ချက်အရ ကရင်နီဒေသကို လေကြောင်းစစ်ကူသွားရောက်သည့် တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးသွားကြောင်း ဖော်ပြထားသည်။
ရှမ်းတောင်-(ကယား)ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို KNDF, PDF, Local PDF, URF နှင့် KPLA ပါဝင်သည့် တော်လှန်ရေးတပ်ပေါင်းစုများက ခုခံတွန်းလှန်နေကြခြင်း ဖြစ်သည်။
မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များက တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခြင်း ဖြစ်သည် ဟု စစ်ကောင်စီ ထောက်ခံသူများက ဖော်ပြထားသည်။
ဖေသန်း
#MeKongNews
#မိုးဗြဲ
#ဖားဆောင်း
#စစ်ကောင်စီ
#ကရင်နီ








