မဲခေါင်၊ ဇွန် ၂၅
လိုင်စင်မဲ့ကားများကို အသုံးပြုစီးနင်းနေသည့် တောင်ကြီးမြို့မှ ဘုန်းကြီးကျောင်းများအတွက် မြို့နယ်သံဃနာယကအဖွဲ့မှ လိုင်စင်စစ်ဆေးရာတွင် ပြသနိုင်ရန် ဘုန်းကြီးကားကတ်များ ထုတ်ပေးနေကြောင်း သိရသည်။
တောင်ကြီးမြို့နယ် သံဃနာယကဥက္ကဌမှ ဇွန်လ ၁၂ ရက်တွင် တောင်ကြီးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းများရှိ အသုံးပြုသည့် ယာဥ်စာရင်းကို တောင်းခံခဲ့ပြီးနောက် စည်းကမ်း ၅ ချက်ပါ ကျောင်းတိုက်သုံးမော်တော်ယာဥ်ကတ်ကို မြို့နယ်ဥက္ကဌဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်တို့က လက်မှတ်ရေးထိုးထုတ်ပေးထားခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သို့သော် ယင်းကတ်ပြားများကို ထုတ်ပေးသည်မှာ မြို့နယ်ဥက္ကဌဆရာတော်အနေဖြင့်သာ ဖြစ်ပြီး ပြည်နယ်ဆရာတော်ကြီးများ မသိကြသလို သာသနာရေးဦးစီးဌာနတွင် လမ်းညွှန်ချက်မရှိကြောင်း ယင်းဌာနနှင့်နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ပြည်နယ်ဆရာတော်ကြီးတွေလည်း မသိကြဘူး။ ဌာနကလည်း မသိဘူး။ တရားဝင်က RLG အဝါခံနံပတ်တွေပဲရှိတယ်။ သက်ဆိုင်ရာက ဖမ်းချင်လည်း ဖမ်းမှာပေါ့။ တရားဝင် ခွင့်ပြုတာတော့ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကတ်ပြားပေါ်တွင် ကျောင်းတိုက်သုံး မော်တော်ယာဉ် ဖြစ်ပြီး ခရီးသွားတိုင်း ကိုင်ဆောင်ရမည် ဖြစ်ကာ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရမည်ဟုသော အချက်များ ပါဝင်သည်။
RLG ကားများမှာ ဘုန်းကြီးကိုယ်တိုင် မမောင်းရသည်က လွဲ၍ ဆရာဒကာအနေဖြင့် ယောကျ်ား၊ မိန်းမ လိုင်စင်ရှိသူ မည်သူမဆို မောင်းနှင်နိုင်ပြီး ကညန၏ကိစ္စသာဖြစ်ကာ သာသနာရေးကိစ္စမဟုတ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအရေအတွက်မှာ တောင်ကြီးမြို့၌ ၁၀၃ကျောင်း၊ အေးသာယာမြို့ ၌ ၂၈ ကျောင်း၊ ရွှေညောင်မြို့ ၌ ၃၁ ကျောင်း၊ ကျောက်တလုံးမြို့ ၌ ၂ ကျောင်းနှင့် ကျေးရွာအုပ်စု ၂၀၀ အပါအဝင်စုစုပေါင်း မြို့နယ်ချုပ် ၃၆၄ ကျောင်းရှိကြောင်းသိရသည်။
#MeKongNews
#ဘုန်းကြီးကားကတ်
#တောင်ကြီးမြို့နယ်
#သာသနာရေးဦးစီးဌာန
#မြို့နယ်သံဃနာယက
#လိုင်စင်မဲ့ကား








