မဲခေါင်၊ ဇွန် ၂၁
AirBus SE ကုမ္ပဏီသည် စစ်ကောင်စီကို ထောက်ပံနေသည့် တရုတ် AVIC ကုမ္မဏီနှင့် လက်တွဲဖြုတ်လိုက်ခြင်းသည် မြန်မာ တော်လှန်လူထုနှင့် အဖွဲ့အစည်းတို့ ကြိုးပမ်းမှု၏ ရလာဒ်တစ်ခုဖြစ်ကြောင်း Blood money – သွေးစွန်းငွေ မှ ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနှင့် စစ်ရေးနည်းပညာ ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ကုမ္ပဏီသည် စစ်ကောင်စီကို တိုက်ခိုက်ရေးလေယာဉ်များ၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသည်။
AIRBUS SE ဥရောပလေကြောင်း ကုမ္ပဏီမှ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီနှင့် လက်တွဲဖြုတ်ခြင်းသည် ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီနှင့် အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စု၏ ဖိနှိပ်ခြိမ်းခြောက်မှု အကြမ်းဖက်မှုများကြားမှ ရရာနည်းဖြင့် သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes လှုပ်ရှားမှု၏ အောင်မြင်မှုရလဒ်တခု ဖြစ်ကြောင်း Blood money – သွေးစွန်းငွေမှ ထုတ်ပြန်ထားသည်။
“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်” ဟု သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ မူလန်က ပြောဆိုထားသည်။
ဥရောပ အကြီးဆုံးလေကြောင်း ကုမ္ပဏီ AIRBUS သည် တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနှင့် စစ်ရေးနည်းပညာ ကုမ္ပဏီ AVIC ၏ လုပ်ငန်းခွဲဖြစ်သော AviChina Industry & Technology Company Limited နှင့် ရင်နှီးမြုပ်နှံမှု ပူးပေါင်း လုပ်ကိုင်ခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်တန့်ခဲ့သည့်အပေါ် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) အနေဖြင့် အထူး ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။
AIRBUS အနေဖြင့် AviChina ကုမ္ပဏီနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်ခြင်းသည် မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်စေမည် ဖြစ်ပြီး စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက် အရှက်ရဖွယ် ထိုးနှက်ချက်ဖြစ်သည် ဟု ဆိုထားသည်။
တော်လှန်ရေး နှင့် သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နှင့် သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ အမျိုးသမီးနှင့် အလုပ်သမား၊ လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်နိုင်ငံ နှင့် နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများ ၏ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် ရရှိလာသည့် ပြည်သူ့အောင်ပွဲဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် AirBus မှ ရင်းနှီးမြှုပ်နှံထားခဲ့သည့် တရုတ် AVIC ကုမ္ပဏီထံမှ K-8 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်၊FTC-2000G တိုက်လေယာဉ်၊Shanxi Y-8 စစ်ဘက်ဆိုင်ရာ လေယာဉ် စသည့် လေယာဉ်သစ် ၈ စင်းကို ဝယ်ယူထားသည်။
ယင်းလေယာဉ်များသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၇၄၉ ဦးကို သတ်ဖြတ်ခဲ့သည် ဟု Justice for Myanmar က ထုတ်ပြန်ထားခဲ့သည်။
ဥရောပက စစ်ကောင်စီပေါ် အရေးယူပိတ်ပင်ထားသော်လည်း Airbus နှင့် ပူးပေါင်းထားသော AVIC ကုမ္ပဏီသည် လေယာဉ်စင်းရေ မြောက်မြားစွာကို စစ်အုပ်စုထံ ပေးပို့ထားသည်။
ဖေသန်း
#MeKongNews
#AIRBUS
#စစ်ကောင်စီ
#တရုတ်ကုမ္ပဏီ
#သွေးစွန်းငွေ








