မဲခေါင်၊ ဇွန် ၁၆
မြန်မာစစ်တပ်မှ ၁၉၉၇ ဇွန်လ ၁၆ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်မြို့နယ် ကျေးရွာ ၂ရွာ၌ ဒေသခံပြည်သူ ၅၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်မှ ယနေ့တွင် ၂၈ နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အတွက် ဘယ်တော့မှမမေ့(သျှမ်းလူ့အခွင့်အရေးနေ့နှိုးဆော်လွှာ)ကို Tai Students Union က ထုတ်ပြန်သည်။
၁၉၉၆မှ၂၀၀၀ပြည့်နှစ်ဝန်းကျင်ကာလတွင် မြန်မာစစ်တပ်မှ ရှမ်းပြည်အတွင်း ဖြတ်လေးဖြတ်စစ်ဆင်ရေးကို အကြောင်းပြု၍ အရက်စက်ဆုံးသော စစ်ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ရာ ၁၉၉၇ ဇွန်လ ၁၆ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်မြို့နယ် ကျိုင်းလုံရွာသား ၂၇ ဦး၊ ဆိုင်းခေါင်ရွာသား ၂၉ ဦး စုစုပေါင်းဒေသခံပြည်သူ ၅၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ရဲ့ လူမဆန်မှုနဲ့ ရှမ်းလူထူအပေါ် အစုအပြုံလိုက်သတ်ဖြတ်ခံရခဲ့တာကို မမေ့ကြဖို့နဲ့၊ ရှမ်းတပ်တွေအနေနဲ့ ဘုံရန်သူကို မမေ့ဖို့ ဒီစာလွှာကို ထုတ်ပြန်တာပါ”ဟု TSU မှ နန်းလျန်းဟန်က မဲခေါင်ကို ယနေ့ ဇွန်လ ၁၆ရက်မှာ ပြောသည်။
စစ်ကောင်စီတပ်မှာ ထိုကာလတွင်သာမဟုတ်ဘဲ ၁၉၅၀ခုနစ် ရှမ်းပြည်အတွင်းသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ရှမ်းပြည်သူတို့အပေါ် မရေတွက်နိုင်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ထိုကျူးလွန်ခံခဲ့ရသော ပြည်သူများအတွက် တရားမျှတမှုအခုချိန်ထိမရသေးဟု ဆိုသည်။
စစ်တပ်မှ ရှမ်းပြည်အတွင်း ၁၉၉၆မှ၉၉ ခုနှစ်အထိ ပြည်သူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့သလို ၁၉၉၆မှ ၂၀၀၀ပြည့်နှစ်အထိ အဓမ္မပြုကျင့်ခံရသူ ၆၂၅ဦးနှင့်အထက်ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ရှမ်းပြည်အတွင်းပြည်သူ ၅၃၆ ဦးနှင့်အထက်ကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်
နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသောပြည်သူတို့၏ အသက်သွေးချွေးတို့ကို ထောက်ထားကာ ရှမ်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲမှုမပြုကြပါရန်နှင့် ဘုံရန်သူကို မမေ့ဘဲ စည်းလုံးစွာတော်လှန်သွားကြပါရန် အသိပေးတောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
မဟာ
#MeKongNews
#ကွန်ဟိန်းသတ်ဖြတ်မှု
#ရှမ်းပြည်
#မြန်မာစစ်တပ်
#TaiStudentsUnion








