မဲခေါင်၊ ဇွန် ၄
လူဦးရေ ၆.၂ သန်းကျော်နေထိုင်သော ရန်ကုန်မြို့တွင် ဆင်းရဲနွမ်းပါးသူဦးရေ ၄၃ ရာခိုင်နှုန်းထိ ရှိလာပြီး မိသားစု ၄ စုလျှင် တစ်စုမှာ အလွန်အမင်း ဆင်းရဲစွာ နေထိုင်နေရကြောင်း UNDP Myanmar က ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် UNDP Myanmar က Urban Poverty : Unpacking Yangon အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ စီးပွားရေးအရပါ အချက်အချာအကျဆုံး ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ယခုအခါ မျော်လင့်မထားလောက်အောင် ကြောက်မတ်ဖွယ် မြင့်တက်လာနေတဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ်ကို အံတုနေရပါတယ်” ဟု UNDP Myanmar က ထုတ်ပြန်ပြောဆိုထားသည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည်သာ ဆင်းရဲနွမ်းပါးသူများအဖြစ် ရှိနေပြီး ၂၀၂၃ ခုနှစ် အရောက်တွင် ဆင်းရဲနွမ်းပါးသူဦးရေမှာ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ရန်ကုန်မြို့ လူဦးရေမှာ ခန့်မှန်း ၆.၂ သန်း ခန့် ရှိသည်ဖြစ်ရာ ၂.၇ သန်းခန့်သည် ဆင်းရဲနွမ်းပါးမှု အခြေအနေနဲ့ ကြုံတွေ့နေရသည် ဟု အစီရင်ခံစာက ဆိုသည်။
၂၀၁၇ ခုနှစ်က အလွန်အမင်းဆင်းရဲတွင်းနက်ထဲသို့ ကျရောက်နေသူများမှာ ၂ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသို့ ရောက်ရှိလာသဖြင့် ဆင်ခြေဖုံးမြို့နယ်များရှိ အိမ်ထောင်စု ၄ ပုံတစ်ပုံမှာ အလွန်အမင်းဆင်းရဲနေကြကြောင်း ဖော်ပြထားသည်။
“ငွေတန်ဖိုးကျပြီး ဈေးတွေ ဒီလောက်တက်နေတာ မဆင်းရဲပဲ နေမလား။ အရင်က ငွေတစ်သောင်းရှိရင် ဆန်၊ ဟင်း ချက်စရာ ဝယ်လို့ ရသေးတယ်။ အခုက မရတော့ဘူး။ လုပ်အားခကျတော့ အရင်တိုင်းပဲလေ” ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်နေသည့် အိမ်ထောင်ရှင်မ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ကျန်းမာရေးစရိတ်သည်လည်း ဖိအားတခု ဖြစ်ပြီး စစ်တမ်းဖြေဆိုသူ ၄၅ ရာခိုင်နှုန်းက ၎င်းတို့တွင် ကျန်းမာရေးပြသာနာရှိနေပြီး ဆေးကုသရန် လိုအပ်နေသည် ဟု ဆိုသည်။
ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွင်းမှ ၁၇ ရာခိုင်နှုန်းသော ကလေးသူငယ်များသည် ကျောင်းမတက်ကြပဲ ၃၇ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် ၎င်းတို့၏ ကလေးများကို မိသားစုဝင်ငွေ ရှာဖွေရာတွင် ပါဝင်စေကြကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကမူ ကျောင်းနေအရွယ် ခလေးများအားလုံး ပညာသင်ကြားနိုင်စေရန် ပညာရေးစရိတ် အခမဲ့အပြင် ခဲတံ၊ စာအုပ်များ၊ မူလတန်းအရွယ်အတွက် ကျောင်းဝတ်စုံများပါ ထောက်ပံနေကြောင်း ထုတ်ပြန်ထားသော်လည်း ကျောင်းထားရန်အတွက် ယင်းထက်မက ကုန်ကျရသည့်အတွက် အခက်အခဲရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“သူတို့ ပေးတာ နည်းနည်းလေး၊ ကျောင်းတက်တော့မယ်ဆိုတော့ လိုအပ်တာတွေ ထပ်ဝယ်ရ၊ အများကြီးပိုကုန်တယ်။ သွားစရိတ်၊ လာစရိတ်က ရှိသေးတယ်” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက ဆိုသည်။
ဆင်းရဲနွမ်းပါးလာမှုနှင့် မလုံခြုံမှုတို့ကြောင့် အခြေခံလူတန်းစားများအတွက် ကျောင်းပညာရေးထက် နိုင်ငံခြားတိုင်းပြည်သို့ထွက်ခွာ အလုပ်လုပ်ရန်သာ စိတ်အားထက်သန်နေသော လူငယ်လူရွယ် ပိုမိုတိုးပွားလာနေသည်ဟု UNDP Myanmar က ဖော်ပြထားသည်။
ပညာရေးကဏ္ဍတွင် အရေးပေါ် အကောင်အထည်ဖော်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း စစ်ရေးအသုံးစရိတ်မှာ ပိုမြင့်မားနေပြီး ထပ်မံမြင့်တက်လာနိုင်ခြေလည်း ရှိနေသည် ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့၏ဆင်းရဲနွမ်းပါးသော လူထုအတွက် အခတ်အခဲများ အဆက်မပြတ် မြင့်တက်လာနေခြင်းကို ဖြေရှင်းနိုင်ခြင်း မရှိပါက လူမှု့အသိုင်းအဝိုင်းအတွင်း မယုံကြည်မှုများနှင့် မတည်ငြိမ်မှု အခြေအနေပိုမိုဆိုးဝါးလာနိုင်ပြီး နောက်ထပ် အိမ်ထောင်စုများကို ဆင်းရဲနွမ်းပါးမှုနှင့် မလုံမခြုံ လူမှု့ဘဝ ဝဲဂယက်ထဲ ဆွဲချသွားနိုင်ကြောင်း UNDP Myanmar က သတိပေးထားသည်။
ကုလသမဂ္ဂအဆိုအရ ဆင်းရဲမွဲတေခြင်းကို ဝင်ငွေတစ်ခုတည်းဖြင့် သတ်မှတ်ခြင်းမဟုတ်ဘဲ လူတစ်ဦး၏ အစားအသောက်၊ သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာသန့်ရှင်းရေး၊ ကျန်းမာရေး၊ အဆောက်အအုံ၊ ပညာရေးနှင့် သတင်းအချက်အလက်များအပါအဝင် အခြေခံလိုအပ်ချက်များ ရရှိနိုင်မှု မရှိသည့်အပေါ် သတ်မှတ်ခြင်းဖြစ်သည်။
ဖေသန်း
#MeKongNews
#ဆင်းရဲမွဲတေခြင်း
#UNDP
#ရန်ကုန်
#အိမ်ထောင်စု
#ကုလသမ္မဂ








