မဲခေါင်၊ ဇွန် ၁
လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု အနီး နားလိုင်ရွာအထွက် SSPP နှင့် MNDAA တပ်ဖွဲ့တို့ ယနေ့ ဇွန်လ ၁ရက်နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ ၈ ဦးသေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
မဲခေါင်က ဆက်သွယ်ရရှိသည့် ဒေသခံ၏ ပြောဆိုချက်အရ SSPP နှင့် MNDAA တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ အနည်းဆုံး ၅ဦး သေဆုံးကြောင်း သိရသည်။
“SSPP က ကုန်းပေါ်မှာ အရင်ကတည်းက တပ်စွဲထားတာ၊ ကိုးကန့်က အောက်က ရွာမှာ ၅၀ လောက်ရှိတယ်။ SSPP က အောက်ဆင်းပြီး လမ်းမကြီးပေါ်သွားဖို့လုပ်တာ ခွင့်မပြုဘဲတောထဲက သွားခိုင်းရာကနေ MNDAAက စပစ်တာ၊ ဒရုန်းတော့မပါဘူး။ လက်နက်ကြီးလက်နက်ငယ်တော့ ပစ်တယ်။ MNDAA ဘက်က ၅ယောက်သေတယ်။ ဒီထက်လည်း ပိုနိုင်တယ်။ ၂ ခါဖြစ်တာပေါ့၊ ဖြစ်တာက မိနစ်၃၀ လောက်ပဲရှိတယ်။ ခုတော့ SSPP လည်းသူ့နေရာ ပြန်နေပြီ အင်အားတွေကတော့ နှစ်ဖက်လုံး ဖြည့်နေတာပဲ၊ ရာချီနေပြီ၊ တိုက်ပွဲဆက်ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။
ယနေ့ ဇွန်လ ၁ ရက်၊ မွန်းလွဲပိုင်း ၁ နာရီချိန်မှ ၂ နာရီခွဲဝန်းကျင်တွင် နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းကို SSPP စစ်ကြောင်းထွက်နေချိန် MNDAA တပ်မ အမှတ် ၆၁၁ လက် အောက် ခံတပ်က ခြုံခိုဝင်ရောက်တိုက်ခိုက်သဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး ကိုးကန့်ဘက်မှာ တပ်သား ၈ ဦးကျဆုံးပြီး၊ ဒဏ်ရာရရှိသူရှိကြောင်း ဒေသခံ၏ ပြောဆိုချက်ကို ကိုးကားပြီး SSPP Info က ဖော်ပြသည်။
ဆက်လက်၍ ၄ နာရီချိန်တွင် ဟန်နားကျေးရွာမှာလည်း ကိုကန့်ဘက်မှာ ထပ်ပြီးထိုးစစ်ဆင်ခဲ့သဖြင့် တိုက်ပွဲဆက်ဖြစ်သည်ဟု ဟန်နားဒေသခံ တစ်ဦးက ပြောသည်ဟု ပါရှိသည်။
“နားလိုင်ကျေးရွာရဲ့ အနောက်ဘက်မှာ စတင်ဖြစ်ပွားခဲ့တယ်။ ဟန်နားကျေးရွာ တစ်ကြိမ်ထပ်ဖြစ်တယ်။ ရှမ်းတပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ အပြန်အလှန် အင်အားတွေဖြည့်နေကြတယ်။ အခြေနေတော့ စစ်ရေးတင်းမာနေတယ်။ ဟန်နားအုပ်စုဒေသမှာ MNDAA ဘက်မှာ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့လည်း တပ်ရင်း ၂ ရင်းလောက် သွားလာလုပ်ရှားနေတယ်လို့” ဟု SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့တိုက်ပွဲဖြစ်မှုကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာစသည့်ရွာလူထုများ တိုက်ပွဲကင်းသည့်နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ၂၉ ရက်နေ့တွင်လည်း သီပေါမြို့နယ်၊ နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPPတပ်စခန်းကို ဖယ်ရှားရန် MNDAAဘက်မှ ၀င်ရောက်မောင်းထုတ်သည့် အတွက် နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
မဟာ
#MeKongNews
#SSPP
#MNDAA
#ဟန်နား
#စစ်ရေးတင်းမာ








