မဲခေါင်၊ မေ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်မှ ဆောင်းပြောင်း ကျေးရွာတိုက်ပွဲ၏ ၁၀ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်းကုန်းများကို ရရှိခဲ့သလို သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းဆီးသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက ယနေ့ သတင်းထုတ်ပြန်သည်။
မေလ ၁၇ ရက်မှ မေလ၂၆ရက်အထိ ၁၀ရက်တာ တိုက်ပွဲအတွင်း ဆောင်းပြောင်းကျေးရွာတွင် တပ်စွဲထားသော PNO နှင့် စစ်ကောင်စီများ၏ စခန်းများကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲတွင် ရက်တိုင်းလိုလို တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စခန်းကုန်းများမကျရေး လေကြောင်းလက်နက်ကြီးများ ဆက်တိုက်ပစ်ကူသော်လည်း စခန်းကုန်း တော်တော်များများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကိုလည်းသိမ်းပိုက်ရရှိခဲ့သည်ဟု ဖယ်ခုံ PDF က ပြောသည်။
ထုတ်ပြန်သည့်ရုပ်သံဖိုင်တွင် တိုက်ပွဲဝင် ပုခုံးထမ်းလောင်ချာ၊ စက်လတ်၊ စိန်ပြောင်းပစ်ခတ်မှုများ၊ ထိခိုက်မှုဒဏ်ရာရရှိမှုများ၊ တိုက်ပွဲရ လက်နက်များ ခင်းကျင်းပြသထားပုံများ ပါဝင်သည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန်းအရေအတွက် အတိအကျ မသိရသော်လည်း PNOနှင့် ပျူစောထီးများ ပိုမိုများပြားကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ဖြေကြားသည်။
စစ်ကောင်စီဘက်မှ သေဆုံးသလို တော်လှန်ရေးတပ်များဘက်မှလည်း အချို့သောရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews
#ဆောင်းပြောင်းတိုက်ပွဲ
#ပင်လောင်း
#ဖယ်ခုံPDF
#သုံ့ပန်း
#PNO








