မဲခေါင်၊ မေ၂၃
စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းမြောက်၊ မူဆယ်မြို့တွင် ကင်းတာဝန်ကျ ရဲတစ်ဦး၏ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများကို လူတစ်ဦးက လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် မူဆယ်မြို့နယ်စခန်းရုံးမှ ရဲတပ်သား ဝင်းကို ဆိုသူကို ၎င်းတာဝန်ကျရာ ဆင်ဖြူဂိတ်မှ ဟိုမွန်ရပ်ကွက်ရှိစခန်းသို့ ပြန်လာသည့်လမ်း ရွှေသမင်ကုန်းအတက်တွင် လူငယ်တစ်ဦးက လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ကြယ်ဂေါင်ဆင်ဖြူဂိတ်နဲ့ လုခံရတဲ့နေရာက နီးနီးလေး၊ လူသွားလူလာတွေလည်း ရှိတယ်။ သူက လုခံရလို့ ကူညီကြပါဦးအော်တာကိုတောင် မထင်ကြဘူး။ ရဲဝတ်စုံနဲ့ဆိုတော့လေ၊ ခုက ရဲပါလုခံရတာဆိုတော့ မြို့က ဘယ်သူ့အားကိုးရတော့မလဲ။ ကြောက်စရာ အရမ်းကောင်းနေပြီ”ဟု ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
လုယက်မှုကြောင့် ရဲတပ်သားစီးနင်းလာသည့် ဘက်ထရီဆိုင်ကယ် တစ်စီး၊ ဖုန်း ၂ လုံးနှင့် ပိုက်ဆံအိတ်များ ပါသွားကြောင်း သိရသည်။
“အဲနားက ပိုက်ဆံရှိသူတွေနေတာများလို့ CCTV တွေ တပ်ထားတာ ဒီသတင်းပေါ်မှာစိုးလို့ မှတ်တမ်းတွေ လိုက်ယူတယ်ကြားတယ်။ ဒီမှာက ပြောင်လုနေရင်တောင် ကိုယ့်ရန်ပြုခံရမှာကြောက်လို့ ဝင်မပါကြတော့ဘူး။ လမ်းမှာ မပြောနဲ့ အိမ်ထဲ ဆိုင်ထဲတွေတောင် ဝင်ဖမ်းနေကြတာလေ။ ငွေနဲ့ ပြန်ရွေးပြီးရင်တောင် သိတာမပြောရဲကြတော့ဘူး။ ခုလို ရဲယူနီဖောင်းနဲ့ကို တစ်ဦးချင်းလုခံရတယ်ဆိုတော့ သွားပြီပေါ့ဗျာ” ဟု ဟိုနားရပ်နေသူ တစ်ဦးကလည်း ပြောသည်။
လက်ရှိမူဆယ်ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ခရိုင်အဆင့် အုပ်ချုပ်ရေးများရှိနေသော်လည်း ဥပဒေစိုးမိုးမှု ပျက်သုန်းနေပြီဖြစ်သည့်သာဓကဟု ပြည်သူများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#မူဆယ်မြို့
#ရဲတပ်သား
#လုယက်မှု
#ဆင်ဖြူဂိတ်








