မဲခေါင်၊ မေ ၁၇
မြင်းမထိတောင်တွင် သတ္တုတူးဖော်နေသည့် တရုတ်ပိုင်ခဲကု မ္ပဏီ ထွက်သွားရန် ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ၄ဦးကို ဖမ်းဆီးထားရာမှ ပြန်မလွှတ်ပေးပါက ပိုမိုကြီးမားသည့် လူထုအင်အားဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ပရာဒေါင်းဆွေးမျိုးစုများက သတိပေးပြောကြားသည်။
ပရာဒေါင်းဆွေမျိုးစုများအနေဖြင့် တရားမဲ့ဖမ်းဆီးသွားသည့် ဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် ခေါင်းဆောင်အားလုံး ပြန်လွတ်ရေးအတွက် လူထုအင်အားဖြင့် ဆန္ဒပြ သပိတ်မှောက်ခြင်း၊ လေးပွင့်ကြယ်ကုမ္ပဏီကို ပြင်းထန်စွာရှုတ်ချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပရာဒေါင်းဆွေမျိုးစု သပိတ်ကော်မတီဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။
“ဆွေမျိုးစုခေါင်းဆောင်တွေကို မလွှတ်ပေးရင် ပိုမိုကြီးမားတဲ့ လူထုအင်အားနဲ့ ဆက်လက်ဆန္ဒပြသွားမယ်”ဟု ၎င်းက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ရွာရှိ မြင်းမထိတောင်တွင် တရုတ်ခဲသတ္တုကုမ္ပဏီနှင့် ကယန်းပြည်သစ်ပါတီ ဥက္ကဌပိုင် လေးပွင့်ကြယ်ကုမ္ပဏီတို့ ခဲသတ္တုတူးဖော်နေမှုကို ဦးဆောင်ကန့်ကွက်ဆန္ဒပြနေသည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဌ ဦးအားဒို၊ နာယက ဦးဘမောင်နဲ့ အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်တို့ ၄ဦးကို ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင်၏သား ဦးဒါဝီဦးဆောင်သည့် ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များက ယမန်နေ့ မေလ ၁၆ ရက် နေ့လယ် ၁နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။
ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံဦးရေ ရာကျော်က မေလ ၁၆ရက် ညနေပိုင်းတွင် သတ္တုကုမ္ပဏီရရုံးခန်းရှေ့သို့ သွားရောက်ကာ ပရာဒေါင်းခေါင်းဆောင် ပြန်လွှတ်ပေး၊ ပွင့်လင်းမြင်သာမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လေးပွင့်ကြယ်ကုမ္ပဏီ အလိုမရှိ၊ ပရာဒေါင်းဆွေမျိုးစု နယ်မြေအတွင်း လက်နက်အားကိုးနယ်ချဲ့သမားများအလိုမရှိစသည့် ဗီနိုင်းများကိုင်ဆောင်ကာ ငါတို့ခေါင်းဆောင်တွေအမြန်လွှတ်၊ သပိတ် သပိတ် မှောက် မှောက်၊ အာဏာရှင် အလိုမရှိ၊ လေးပွင့်ကြယ်ကုမ္ပဏီ ထွက်သွား စသည့်ကြွေးကျော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပရာဒေါင်းခေါင်းဆောင်များကို ဥပဒေမဲ့ အကြမ်းဖက် လက်ထိပ်ခတ်ဖမ်းဆီး ခေါ်ဆောင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ဖမ်းဆီးခံရသူများအား မည်သည့်ထိခိုက်မှုမျှ မရှိစေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်၍ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေး ထားဆောင်ရွက်ပေးရန် လည်း ကယန်းအမျိုးသမီးအစည်းအရုံး KyWO နှင့် ကယန်းမျိုးဆက်သစ်လူငယ် KNYOတို့က ပူးတွဲ ထုတ်ပြန်ထားသည်။
“အာဏာရှင်ဆန်တဲ့ လူ့အခွင့်အရေးနှင့်ဆန့်ကျင်တဲ့ မည်သည့်လုပ်ကိုမျှ လက်မခံပါဘူး”ဟု KyWO၏ တာဝန်ရှိသူကပြောသည်။ ဖမ်းဆီးခံရသူများ ပြန်မလွှတ်လာပါက အခြေအနေပေါ်မူတည်ပြီး ချမှတ်လုပ်ဆောင်သွားမည်ဟု KNYO ကိုယ်စားလှယ်က မဲခေါင်ကို ပြောသည်။
မြင်းမထိတောင်မှ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့၏ ခဲသတ္တုအကြီးစားတူးဖော်မှုအပေါ် ပြီးခဲ့သည့် မတ်လကစပြီး ပရာဒေါင်းဆွေမျိုးစုက ဦးဆောင်ကန့်ကွက်ခဲ့ကြသည်။
ယခုမေလအတွင်း တွေ့ဆုံညှိနှိုင်းမှုတွေ ရှိခဲ့ပြီး မအောင်မြင်ခဲ့သည့်အတွက် ပြီးခဲ့တဲ့ မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ စတင်ကာ ကျေးရွာအတွင်း ကုမ္ပဏီသို့ ပိတ်ဆို့မှုများ လုပ်ခဲ့သလို မေလ၄ရက်မှစကာ ဆန္ဒပြမှုတွေ ရှိခဲ့ရာက ၁၃
ရက်မြောက်နေ့ ဖြစ်သည့် ယမန်နေ့ မေလ၁၆ရက် နေ့လယ်ပိုင်းတွင် KNLP မှ လက်နက်ကိုင်များက ပရာဒေါင်းခေါင်းဆောင်များကိုလာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ကယန်းလူမျိုးများ၏မျိုးနွယ်စုကြီး လေးခုအနက်မှပရာဒေါင်းဆွေမျိုးစုသည် ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစုများထဲမှ တခုဖြစ်ပြီး မြင်းမထိဒေသတွင် နေထိုင်လျက်ရှိပြီး ခဲသတ္တုကို မိသားစု စားဝတ်နေရေးအဖြစ် တပိုင်တနိုင်တူးဖော်နေကြ ကြောင်းသိရသည်။
မဟာ
#MeKongNews
#မြင်းမထိတောင်
#ပရာဒေါင်းဆွေမျိုးစု
#ခွန်အောင်နိုင်စိုး
#ကယန်းပြည်သစ်ပါတီ
#သန်းစိုးနိုင်








