မဲခေါင်၊ မေ ၁၆
ရှမ်းတော်လှန်ရေးတပ်ဖွဲ့ ၂ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ ရှမ်းတော်လှန်ရေးနေ့ဖြစ်သည့် မေလ ၂၁ရက်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် RCSS ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို မေလ ၁၆ရက်မှ ၂၅ အထိ ၁၀ရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်၏ ကံကြမ္မာမှာ ပြိုလုနီးဖြစ်နေပြီး ရှမ်းတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးမှု မရှိလျင် ရှမ်းပြည်သူများ ဘေးဒုက္ခမျိုးစုံကို ဆက်လက်ခံစားရမည်ဖြစ်သည့်အတွက် ၆၈နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့တွင် နှစ်ဖက်တပ်ဖွဲ့များနှင့် ပြည်သူလူတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် RCSS မှ ဦးဆောင်စီစဉ်ထားပြီး ယင်းထုတ်ပြန်ချက်မိတ္တူကို SSPP ထံသို့လည်း ပေးပို့ထားကြောင်း RCSS နှင့် နီးစပ်သူများထံမှ သိရသည်။
RCSS နှင့် SSPP နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်အတွက် မေလ ၁၆ရက်မှ ၂၅ ရက်အတွင်း တပ်ရင်း၊ တပ်ဖွဲ့များ အားလုံး ရောက်ရာနေရာမှာ နေထိုင်ကာ စစ်ရေးလှုပ်ရှားမှု ရပ်နားထားရမည်ဖြစ်ပြီး ခုခံကာကွယ် ဖို့အတွက်သာ စီစဥ်ထားရန် RCSS က ၎င်းတပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် ပြည်သူလူထုပါဝင်သဖြင့် ပြုလုပ်ဖြစ်ပါက ပြည်တွင်းရှိ မိုင်းပန်ကဲ့သို့ နေရာဖြစ်နိုင်ကြောင်း ရှမ်းပြည်နိုင်ငံရေးသမားတစ်ဦးက ခန့်မှန်းပြီး ယခုချိန်အထိ ယင်းကိစ္စနှင့်ပတ်သက်၍ RCSS တပ်ဖွဲ့ဝင်များက ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။
ထုတ်ပြန်ချက်ကို မေးမြန်းနိုင်ရန် RCSS နှင့် SSPP သို့ မဲခေါင်က ဆက်သွယ်ထားဆဲဖြစ်ပြီး ရှမ်းကျောင်းသားလူငယ်အဖွဲ့ဝင်တစ်ဦးကမူ RCSS ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း မဲခေါင်သို့သည်။
RCSS/SSA မှာ ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းတွင် ဌာနချုပ်ထားရှိပြီး SSPP/SSA မှာ ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည်။
မဟာ
#MeKongNews
#RCSS
#SSPP
#ရှမ်းတော်လှန်ရေးနေ့
#အပစ်ရပ်
#ရှမ်းပြည်








