မဲခေါင်၊ မေ ၁၄
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နေသည့် လားရှိုးမြို့တွင် မေလ ၁၂ ရက် နေ့ခင်းအချိန်တွင် ရဲဝတ်စုံဝတ်ကာ ရဲအယောင်ဆောင်ထားသူ ၂ ဦးက ဆိုင်ကယ် လုယက်မှုဖြစ်ပွားသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၂ ရက် နေ့လယ် ၁ နာရီခန့်၊ လားရှိုးလေယာဥ်ကွင်းလမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ရဲဝတ်စုံဝတ်ထားသူ ၂ ဦးက စစ်ဆေးရန်ဆိုကာ ဆိုင်ကယ်သော့တောင်းပြီး ယူဆောင်သွားခြင်းဖြစ်ပြီး ရပ်ကွက် ၉ ရုံးသို့ နောက်မှလိုက်ခဲ့ရန် ပြောဆိုသွားကြောင်း ကာယကံရှင်နဲ့နီးစပ်သူက ပြောသည်။
“လက်ထိပ်တွေလည်းပါတယ်။ Tool box လည်း ဖွင့်စစ်ပြီး ခိုးဘီးနဲ့တူတယ်ဆိုပြီး ရပ်ကွက်ရုံးကို လိုက်ခဲ့ဖို့ခေါ်တာ၊ နောက်ကလိုက်တော့ ရပ်ကွက်ရုံးကို သူတို့မလာဘူးပြောတာနဲ့ ရဲစခန်းကို သွားတိုင်ခဲ့တယ်။ ရပ်ကွက်ရုံးက မသင်္ကာသူ ၂ ဦးကို ခေါ်ပြသေးတယ်။ သူတို့မဟုတ်ဘူး။ ဟို ၂ ယောက်က အသက် ၂၀ ကျော် ဗမာတွေ” ဟု ၎င်းက ပြောသည်။
လုယက်ခံရသည့် ဆိုင်ကယ်မှာ Kenbo SHN- 56802 အနက်ရောင်ဖြစ်ပြီး Tool Box ထဲ၌ မှတ်ပုံတင်၊ ပိုက်ဆံအိတ်၊ Smart Card များ ပါရှိသွားကြောင်း လားရှိုး အမှတ် ၂ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း လားရှိုး၊ ရပ်ကွက် (၁) ရှိ နေတစ်အိမ်ကို လူ ၃ ယောက် ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အိမ်နီးချင်းတစ်ဦးက လှမ်းမြင်လိုက်သည့် အတွက် သံချောင်းတီး အော်ဟစ်ပြီး အိမ်နီးနားချင်းများဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်ရကြောင်း၊ တစ်ဦးကို လက်ရဖမ်းမိပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
လားရှိုးကို တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ဥပဒေလွှမ်းခြုံနိုင်မှု၊ ပြည်သူကိုအကာအကွယ်ပေးနိုင်မှု မရှိသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ရသည်ဟု သိရသည်။
မဟာ
#MeKongNews
#လားရှိုး
#ဆိုင်ကယ်လုယက်
#ရဲဝတ်စုံ
#ဒုစရိုက်မှု
#စစ်ကောင်စီ








