မဲခေါင်၊ မေ ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ဒေသ၊ မန်တုံမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲသဖြင့် ဒေသခံ တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမ န်နေ့ မေလ ၁၂ ရက်၊ ည၁၀နာရီခွဲခန့်တွင် စစ်ကောင်စီက ဗုံး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အောင်ချမ်းသာရပ်ကွက်ထဲကျတာ၊ အိပ်ချိန်ဆိုတော့ ထိတာများတယ်။ ဒဏ်ရာရတဲ့သူထဲကလည်း ၂ ယောက် စိုးရိမ်ရတယ်” ဟု အိမ်ကို ဗုံးထိခံရသူ မန်တုံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အလားတူ TNLA ထိမ်းချုပ်ထားသည့် မိုင်းငေါ့မြို့ကိုလည်း ယမန်နေ့ ည ၇ နာရီ ၄၀ ကျော်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက်ခဲ့ကြောင်း သို့ TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၁၂ ရက်နေ့ တစ်ရက်အတွင်းတွင်ပင် စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်းမြို့နယ် ၊ ချောင်းဦးမြို့နယ် နှင့်မော်လူးမြို့တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းပြီး ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၅ ဦးကျော် သေဆုံးခဲ့ရပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း တစ်နိုင်ငံလုံးတွင် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
မဟာ
#MeKongNews
#မိုင်းငေါ့
#မန်တုံ
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်
#TNLA








