မဲခေါင်၊ မေ ၈
ထိုင်းနိုင်ငံဘက်မှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိနေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို တာချီလိတ်ဘက်တွင် ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက်သို့ မေလ ၆ ရက်က လွှဲပြောင်းပေးလိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် စုံစမ်းထောက်လှမ်းရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ရှမ်းအရှေ့ပိုင်း တာချီလိတ်ခရိုင်ရှိ တာဝန်ရှိ ရဲနှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ ပူးပေါင်းဆောင် ရွက်ကာ မေ ၆ ရက် မွန်းလွဲပိုင်း၌ မူးယစ်ဆေးမှောင်ခိုသမား ထိုင်းအမျိုးသား ၃ ဦးနှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးကာ ထိုင်းဘက်သို့ အမှတ် (၁) ချစ်ကြည်ရေးတံတားမှ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ဆမ်ယော့၊ ၃၃ နှစ်အရွယ် အမျိုးသမီး ပတ်ချာရာပွန် (ဆူခိုထိုင်းတွင်နေထိုင်ကြသူများ) နှင့် ပသမ်ဌာနီခရိုင် ဆီဆမ်ရောင်းနေ ဆမ်ရိုအန်း (၄၄ နှစ်)နှင့် ဆစ်တီချိုင် (၂၆ နှစ်) တို့သည် သက်ဆိုင်ရာ နယ်မြေများတွင် စိတ်ကြွဆေးပြားများ ဖြန့်ဖြူးခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်ကတည်းက သက်ဆိုင်ရာ ခရိုင်ရဲစခန်းများမှ ဖမ်း၀ရမ်းများ အသီးသီးထုတ်ပြန်ခံရသူများ ဖြစ်သည်။
၎င်းတို့သည် တာချီလိတ်မြို့တွင် ပုန်းရှောင်နေထိုင်ကြောင်း သတင်းရရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ရေးရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရာမှ ဖမ်းဆီးရမိပြီး ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: MAESAIPRESS
#MeKongNews
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး
#တာချီလိတ်
#မယ်ဆိုင်








