မဲခေါင်၊ မေ ၇
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းကို မေလ ၆ ရက် ညပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၆ရက်၊ ည ၁၁ နာရီ ၁၁မိနစ်တွင်တစ်ကြိမ်၊ ည ၁၁ နာရီ ၁၈ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“အိမ်တချို့တော့ နည်းနည်းထိတယ်။ ကျနော်တို့ကြားတာတော့ အဲ့ ၂ လုံးက တော်တော်ကျယ်တယ်။ ကျနော်တို့ သိတာ ၂ လုံးပဲ။ အနားကသူတွေပိုသိမှာပေါ့” ဟု၎င်းကပြောသည်။
လေကြောင်းတိုက်ခိုက်မှုသည် ဒီးမော့ဆိုမြို့အနောက်ခြမ်းရှိ မြလဲကျေးရွာအနီးသို့ ကျခဲ့ပြီး နေအိမ်တချို့ပျက်စီးကြောင်းသိရသည်။
မေလ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိပြုလုပ်ခဲ့ပြီး မိုးဗြဲတိုက်ပွဲတွင် အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း DMO Local PDF က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကပ်လျက် မိုးဗြဲမြို့ရရှိရေးပါ ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ဂနိုက်
#MeKongNews
#ဒီးမော့ဆို
#လေကြောင်းတိုက်ခိုက်
#မြလဲကျေးရွာ
#ကရင်နီ








