မဲခေါင်၊ ဧပြီ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ငလျင်အလှူအကြောင်းပြပြီး ကန်ထရိုက်ယူကာ လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း ဒေသခံများထံ သိရသည်။
ယင်းလောင်းကစားဝိုင်းကို ပြီးခဲ့သည့် သင်္ကြန်တွင်းမှစတင်ကာ ကုန်းကလားသူကြီး ထွန်းဝင်းနှင့် အပေါင်းပါတစ်စုက ကျပ် သိန်း ၂၄၀ ဖြင့် ကန်ထရိုက်ယူပြီး ငလျင်ဘေးရန်ပုံငွေဟု အကြောင်းပြကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မိုင်းဆတ်ဒေသခံတစ်ဦးက ပြောသည်။
“မြို့မစျေးကြီးရှေ့မှာ ငလျင်ဘေးအလှူခံဌာနက ကျပ်သိန်း ၅၀၀ ကျော်ရနေပါပြီ။ အခုက အုပ်ချုပ်ရေးပိုင်းတွေ ပေါင်းပြီးလုပ်စားနေတာပါ။ ကန်ထရိုက်ဆိုတာ တပ်၊ အုပ်ချုပ်ရေး၊ ရဲ ဌာနစုံ ကိုပေးရတာပေါ့။ တန်စီ(လေးကောင်ဂျင်)ဆို ဒိုင်ချူပ်ကအစ လက်ခွဲဒိုင်အဆင့်ဆင့် ရှိတယ်” ဟု မိုင်းဆတ်ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ယင်းလောင်းကစားဝိုင်းကို မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းအနီးရှိ နော်ရှဲသစ်စက်အတွင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်တွင် မူးယစ်ဆေးဝါးများ ပေါများလာသလို ဆိုင်ကယ်လုယက်၊ ခိုးမှုစသည့် ခိုး၊ ဆိုး ရာဇဝတ်မှုများကြောင့် ဒေသခံပြည်သူအများ ဘဝမလုံခြုံမှု ဖြစ်ပေါ်နေရကြောင်း သိရသည်။
#MeKongNews
#မိုင်းဆတ်
#ငလျင်
#လောင်းကစားဝိုင်း
#ကန်ထရိုက်








