မဲခေါင်၊ ဧပြီ ၆
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ ပြီး ရက်သတ္တပတ် ၁ ပတ်ကျော်လာသည်အထိ စစ်ကောင်စီ၏ ရုံးများစိုက်ရာ နေပြည်တော်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
ငလျင်လှုပ်ပြီး နောက်တစ်နေ့ဖြစ်သည့် မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဒေသ ဝှမ်းအပျက်အစီးများအား လိုက်လံကြည့်ရှူခြင်းမှလွဲ၍ ကူညီကယ်ဆယ်ခြင်း တစုံတရာမရှိသေးကြောင်း နေပြည်တော်၊ တပ်ကုန်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်တပ်ထိန်းချုပ်တဲ့မြို့ဆိုပေမဲ့ ဒီငလျင်လှုပ်ပြီးညနေကျတော့ စာရင်းတွေ လာကောက်သွားတယ်။ အိမ်တွေ ဘာအပျက်အစီးရှိလဲ ဘာညာအဲ့လိုတော့ ပြောတယ်။ ဒါပေမဲ့အားလုံးက ကိုယ်ထူကိုယ်ထပဲ။ ကိုယ့်အိမ်ပျက်ကိုယ်ပြင်ပဲ။ အခုချိန်ထိ ဘာမှလာမကူသေးဘူး” ဟု ၎င်းက မဲခေါင်ကိုပြောသည်။
ငလျင်လှုပ်ခတ်စဥ် နေပြည်တော်ရှိ လွှတ်တော်အပါအဝင် စစ်ရုံးများကဲ့သို့ အစိုးရအဆောက်အဦများ ပျက်စီးခဲ့သောကြောင့် ၎င်းနေရာများအား ဦးစားပေး ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ပျက်စီးမှုအား ဝင်ရောက်ကူညီခြင်း မရှိကြောင်း ယင်းဒေသခံက ဆိုသည်။
ဒေသခံများအား ကူညီကယ်ဆယ်ခြင်း မရှိသကဲ့သို့ ဝန်ထမ်းအိမ်ရာများနှင့် ၎င်းတို့ဝန်ထမ်းများကိုလည်း ကူညီကယ်ဆယ်ခြင်း မရှိသောကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်သာ နေထိုင်နေကြရကြောင်း နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက မဲခေါင်ကိုပြောသည်။
“ECC (စက်ပစ္စည်းကြီးကြပ်ရေးကော်မတီ) နေရာဆိုအကုန်ပြိုတယ်။ တချို့တွေလည်း ရုံးထဲစုပြုံတိုးနေရတယ်။ တချို့လည်း ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ စစ်တပ်က ဘယ်မှာကူနေလဲမသိဘူး။ ကျနော်တို့တွေကို ကူညီကယ်ဆယ်တာတော့ အခုထိမရှိသေးဘူး။ ဒဏ်ရာရသူတွေလည်း ရန်ကုန်အထိဆင်းကုနေရတယ်” ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် ရုံးအဆောက်အဦများအပါအဝင် ပြည်သူနေအိမ်များ ၃ ပုံ ၂ ပုံခန့် ခြံစည်းရိုးပြိုလဲခြင်း၊ နေအိမ်နံရံအက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြရကာ ဘိလပ်မြေကဲ့သို့ အိမ်ဆောက်ပစ္စည်းများလည်း ဝယ်ယူ၍ မရကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
“ဘိလပ်မြေတွေ လုံးဝ ဝယ်မရတော့ဘူး။ မနေ့က တအိတ် ၃၀၀၀၀ က ဒီနေ့ ၃၇၀၀၀ ဖြစ်သွားတယ်။ တချို့တွေလည်း အဲဒီ ၃၇၀၀၀ ကိုတောင် ပေးမရောင်းကြဘူး။ ဂိုထောင်တွေထဲ ထည့်ထားပြီး မှာထားသူရှိသလိုလို လုပ်တယ်” ဟု ၎င်းကဆိုသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုအား နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်းဒေသများပါ ခံစားခဲ့ရပြီး နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအများစု ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၂၀၀ ကျော် ရှိခဲ့သည်။
နေပြည်တော်တွင် စစ်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေးမလုပ်နိုင်သလို ပျက်စီးသွားသည့် အဆောက်အဦများအတွင်း အဖိုးတန်ပစ္စည်းများ ပေါ်ပေါ်တင်တင်ဝင်ရောက် ယူဆောင်နေသည့် သူခိုးအုပ်စုများကိုလည်း မည်သူမျှ တားဆီးနိုင်ခြင်းမရှိဘဲ ရပ်ကြည့်နေရကြောင်း၊ ကုန်ပစ္စည်းများလည်း ဈေးတက်နေပြီး MPT ဆင်းကတ်တစ်ကတ်ကို ကျပ် ၅သောင်းအထိ ဈေးတင်ရောင်းချမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဂနိုက်
#MeKongNews
#စစ်ကိုင်းငလျင်
#နေပြည်တော်
#ကူညီကယ်ဆယ်ရေး
#စစ်ကောင်စီ








