မဲခေါင်၊ မတ် ၂၈
ယနေ့ မတ်လ ၂၈ ရက် နေ့လည်ပိုင်း စစ်ကိုင်းတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းပြိုကျမှုနှင့် အင်းလေးဒေသမှရွာများ ထိခိုက်ပျက်စီးမှုတို့တွင် သေဆုံးသူအရေအတွက်မှာ ၅၀ ကျော်လာပြီဖြစ်ကြောင်း ဒေသခံများနှင့် လူမှုကူညီသူများထံမှ သိရသည်။
ပြင်းထန်ငလျင်ကြောင့် အောင်ပန်းမြို့ရှိ Hotel Aung Ban ပြိုကျခဲ့ရာ ညနေ ၇ နာရီခွဲအချိန်အထိ သေဆုံးသူ ၁၃ ဦး တွေ့ရှိထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၄ ဦးက သံချောင်းတွေနဲ့ ညပ်နေတယ်လို့ ပြောတယ်။ လူမှုအသင်းတွေအားလုံး အစွမ်းကုန်ကယ်နေကြတယ်။ သေတာက ဝန်ထမ်းတွေများတယ်” ဟု ၎င်းကပြောသည်။
ဟိုတယ်အောင်ပန်း၏ စာရင်းတွင် ဝန်ထမ်းနှင့် တည်းခိုသူ စုစုပေါင်း ၈၀ ရှိပြီး လက်ရှိတွင် သေဆုံး ၁၃ ဦးနှင့် ဒဏ်ရာရ ၂၈ ဦး စုစုပေါင်း ၄၁ ဦးသာ တွေ့ရှိထားသေးကြောင်း၊ ဒဏ်ရာရသူများကို အောင်ပန်းဆေးရုံမှတဆင့် ကုတင် ၇၀၀ စစ်ဆေးရုံသို့ ပြောင်းရွှေ့ကုသနေကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်လည်း ဟဲယာရွာမ၊ သလဲဦး၊ နန်းပန်နှင့် ကေလာရွာတို့တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၃၇ ဦးကျော်လာပြီဖြစ်ကြောင်း သိရသည်။
“မီးလာနေချိန် အိမ်တွေပြိုကျတော့ ဓာတ်လိုက်ပြီး ဆုံးကြရတာ၊ မှောင်လာတော့ အတတ်နိုင်ဆုံး ကယ်နေကြတယ်” ဟု လူမူကူညီသူတစ်ဦးက မဲခေါင်ကိုပြောသည်။
ယနေ့ နေ့လယ်ခင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် မြန်မာပြည်နှင့် ငလျင်ဒဏ်သင့် တိုင်းပြည်များတွင် သေဆုံးသူ ရာဂဏန်းအထိရှိလာနေကြောင်းနှင့် နောက်ဆက်တွဲငလျင်များ လှုပ်လာနိုင်သည့်အတွက် ဘေးလွတ်ရာ တိမ်းရှောင်နိုင်ကြရန် သတိပေးမှုများရှိနေပြီး လူထုအများစုမှာ သဘာဝဘေးဒဏ်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
မဟာ
#MeKongNews
#ညောင်ရွှေမြို့နယ်
#ဟိုတယ်အောင်ပန်း
#ငလျင်
#သေဆုံး
#အင်းလေးဒေသ








