မဲခေါင်၊ မတ် ၁
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေ နောင်ချိုမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာကို စစ်ကောင်စီက (ဖေဖော်ဝါရီ ၂၈) တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂျက်ဖိုက်တာနှင့် ဗုံးကြဲပြီး Mi35 ဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ခု ပျက်စီးခဲ့ကာ သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာဆေးပေးခန်းတစ်ခုလည်း ပျက်စီးခဲ့ပြီး ဆရာဝန်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မဲခေါင်က စုံစမ်းသိရှိရသော်လည်း TNLA ဘက်က အတည်ပြုချက် မရရှိသေးပါ။
စစ်ကောင်စီနှင့် TNLA တို့ ဖေဖော်ဝါရီလအတွင်းက စစ်ရေးဆိုင်ရာများ ဆွေးနွေးပြီးနောက် သဘောတူညီချက် မရရှိသဖြင့် TNLA ထိန်းချုပ်ဒေသများသို့ စစ်ကောင်စီက လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
တရုတ်နိုင်ငံ၊ ဆွေးနွေးပွဲပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်က နောင်ချိုမြို့နယ်၊ တောင်ရှည်နှင့် မန်မော်ရွာကြားကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံကြဲခြင်းကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့သောကြောင့် အရပ်သားနေအိမ်များ ပျက်စီးခဲ့သေးသည်။
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်မှ အဖြောင့်တိုင်းလျှင် ၁၀ မိုင်ကျော်ဝေးသည့် တောင်ခမ်းရွာရှိ စစ်ကောင်စီ အမြောက်စစ်ဆင်ရေးဌာနချုပ် (မစခ-၉၀၂) နှင့် အမတ-၂၀၆ တို့တွင် တိုက်ပွဲများ ပြင်းထန်ပြီးနောက် ထိုတပ်နှစ်ခု ပြန်လည် ဆက်သွယ်ရပြီဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ရေးသားသည်။
တောင်ခမ်းအခြေအနေကို TNLA ဘက်သို့ မေးမြန်းနေဆဲ ဖြစ်သည်။
ဂနိုက်
#MeKongNews
#နောင်ချို
#ရှမ်းမြောက်
#တောင်ခမ်း
#တအာင်း
#ပလောင်
#TNLA
#စစ်ကောင်စီ
#ဗုံးကြဲ














