မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
MNDAA – ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်တွင် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ရက် ၂၀ ကျော်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၇ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင် နှစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးကို အပြိုင်ပိုးပန်းရာမှ ရန်ဖြစ်ပြီး အချင်းချင်း သေနတ်ပစ်ခတ်ကာ တစ်ဦးသေဆုံးသွားပြီးနောက် MNDAA က ယင်းအမျိုးသမီးငယ်ကို နေ့တွင်းချင်းဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ကလေးမလေးစိတ်နဲ့ သူ့အဖွားတောင် အင်္ဂါနေ့က ဆုံးရှာရတယ်။ ကလေးက မီးသင်္ဂြိုလ်မမှီတောင် ရက်လည်တော့ မှီစေချင်တယ်။ ဘာအပြစ်မှ မရှိတာလေ၊ ဘာသတင်းမှလည်း မကြားရဘူး” ဟု မိသားစုနဲ့နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ဖေဖော်ဝါရီ ၂၈ ရက်ညတွင် ပြောသည်။
မိသားစုအနေဖြင့် ညှိနှိုင်းရေးလမ်းကြောင်းဖြင့်လုပ်ဆောင်နေပြီး “ဝ” တပ်ဖွဲ့ UWSA နှင့် ရှမ်းတပ်ဖွဲ့တစ််ဖွဲ့ဖြစ်သည့် SSPP/SSA တို့ထံ လွတ်မြောက်ရေးအတွက် အကူအညီတောင်းထားသော်လည်း ယနေ့အချိန်အထိ မလွတ်သေးခြင်းဖြစ်ကြောင်း သိရသည်။
အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သလို ကျား/မအခြေပြု အကြမ်းဖက်မှုလည်းမြောက်ကြောင်း ရှမ်းကျောင်းသားများသမဂ္ဂမှ ပြောခွင့်ရသူ နန်းမွေလျန်းက ပြောသည်။
“အပြစ်မရှိတဲ့ပြည်သူတစ်ယောက်လဲဖြစ်တယ်။ အသက်မပြည့်သေးတဲ့အမျိုးသမီးတယောက်ကို အခုလိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးထားတာက မဖြစ်သင့်ပါဘူး။ ဒါက Gender Base Violence လည်း ဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်တာလည်း ဟုတ်တယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ၎င်းက မဲခေါင်သတင်းကို ပြောသည်။
MNDAA ဖမ်းဆီးခံထားရသည့် အမျိုးသမီးငယ်မှာ အသက် (၁၅) နှစ်အရွယ်ရှိ နန်းယိင်းဟွမ် ဖြစ်ပြီး မိုင်းယော်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#မိုင်းယော်
#ရှမ်းမြောက်
#ကိုးကန့်တပ်ဖွဲ့
#နန်းယိင်းဟွမ်








